မြန်မာနိုင်ငံသား နှစ်ဦးနှင့် ထိုင်းနိုင်ငံသား လေးဦးတို့ မောင်းနှင်လာသော မော်တော်ယာဉ်ပေါ်မှ လက်နက်ခဲယမ်းများ ဖမ်းမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ လွယ်တော်ခမ်း ပူးပေါင်းစစ်ဆေးရေးဂိတ်၌ မြန်မာနိုင်ငံသား နှစ်ဦးနှင့် ထိုင်းနိုင်ငံသား လေးဦးတို့ မောင်းနှင်လာသော မော်တော်ယာဉ်ပေါ်မှ လက်နက်နှင့် ခဲယမ်းများကို ဒီဇင်ဘာ ၁၁ ရက် ညနေပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၁ ရက် ညနေ ၅ နာရီခန့်က ရဲအုပ်ကိုကို ဦးစီးသော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့ လွယ်တော်ခမ်းအုပ်စု လွယ်တော်ခမ်း ပူးပေါင်းစစ်ဆေးရေး ဂိတ်ရှေ့ လမ်းမပေါ်တွင် ရှောင်တခင် ပိတ်ဆို့ရှာဖွေ စစ်ဆေးခြင်း ဆောင်ရွက်နေစဉ် မိုင်းဆတ်ဘက်မှ တာချီလိတ်ဘက်သို့ ယာဉ်မောင်း စိုင်းဆိုင်း(၅၀ နှစ်)မောင်းနှင်ပြီး ကျော်စိန်(၄၄ နှစ်)နှင့် ထိုင်းနိုင်ငံသားများဖြစ်သော Mr.Somchai Maha Frannoon(၂၉ နှစ်)၊ Mr.Suberk(၄၀ နှစ်)၊ Mr.Thanatip (၃၇ နှစ်)၊ Mr.Naijai (၃၉ နှစ်) တို့ လိုက်ပါလာသော vigo အဖြူရောင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ထိုင်းနိုင်ငံသား Mr.Somchai Maha Frannoon လွယ်ထားသော အိတ်အတွင်းမှ Colts(.45 Automatic Caliber) အမျိုးအစား CU33092 နံပါတ်ပါ ပစ္စတိုသေနတ် တစ်လက်၊ ၎င်းကျည်အိမ် တစ်ခု၊ ကျည် ၁၀ တောင့်၊ Mr.Thanatip လွယ်ထားသော အိတ်အတွင်းမှ Pietro Beretta(PB) အမျိုးအစား 1182673Z နံပါတ်ပါ ပစ္စတိုသေနတ် တစ်လက်၊ ၎င်း ကျည် တစ်ခု၊ 9MM Luger ကျည် ၁၂ တောင့်နှင့်  Pietro Beretta(PB) အမျိုးအစား G25320Z နံပါတ်ပါ ပစ္စတိုသေနတ် တစ်လက်၊ ၎င်းကျည်အိမ် တစ်ခု၊ 9 MM Luger ကျည် ၁၂ တောင့်တို့အား ရှာဖွေတွေ့ရှိခဲ့သဖြင့် ၎င်းတို့စီးနင်းလာသော မော်တော်ယာဉ် နှင့်အတူ လက်နက်၊ ခဲယမ်းများအား သက်သေများရှေ့ ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။

 

အမှုမှ တရားမဝင် လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသူ စိုင်းဆိုင်၊ ကျော်စိန်နှင့် ထိုင်းနိုင်ငံသား လေးဦးတို့အား တာချီလိတ်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

 

မြင့်မိုရ်(တာချီလိတ်)