မြန်မာနိုင်ငံသဘင် အစည်းအရုံး(ဗဟို)၏ ဉီးဆောင်မှုဖြင့် သဘင်အနုပညာရှင်များအား ကူညီ ထောက်ပံ့သည့်အစီအစဉ်များ ဆောင်ရွက်နေ

ရန်ကုန်  ၂၇  ဧပြီ

 

မြန်မာနိုင်ငံတွင် ကမ္ဘာကပ်ရောဂါ ကိုဗစ်-၁၉ ကူးစက်မှုကြောင့် သဘင်ပွဲများအားလုံး ရပ်နားထားရသည်ဖြစ်ရာ သဘင်မိသားစုများ အခက်အခဲကြုံနေရသည့်အတွက် မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို)၏ ဉီးဆောင်မှုဖြင့် သဘင်အနုပညာရှင်ပေါင်း ၂၇၀ဝ၀ နီးပါးအား ကူညီထောက်ပံ့မှု အစီအစဉ်များ ဆောင်ရွက်ပေးလျက် ရှိကြောင်း မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို)ထံမှ သိရသည်။

 

ထိုသို့ကူညီထောက်ပံ့ရာတွင် သဘင်တည်ထောင်ခွင့်ပြုလုပ်ထားသူများ၊ သဘင်စာချုပ်ဖြင့် သဘင် လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်သူများ၊ အသက် ၇၅ နှစ်အထက် သက်ကြီးသဘင်ပညာရှင်များကို တစ်ဉီးလျှင် ဆန် ၈ ပြည်၊ ဆီ ၅၀ သား၊ ဆား၊ ပဲထောပတ်၊ ကြက်သွန်များ ထောက်ပံ့လှူဒါန်း ပေးလျက်ရှိကြောင်း သိရသည်။

 

2702

 

သဘင်အနုပညာရှင်များအား ကူညီထောက်ပံ့မှုအစီအစဉ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံ သဘင် အစည်းအရုံး ဗဟိုအတွင်းရေးမှူး ဉီးနေဝင်းက -ကျွန်တော်တို့က ကိုယ်တတ်နိုင်တဲ့အားနဲ့ ကိုယ့်အစီအစဉ်နဲ့ကိုယ် စုပေါင်းပြီး ဝိုင်းဝန်းလှူဒါန်းကြတာပါ။ ကျွန်တော်တို့ အနုပညာသမားတွေ အနေနဲ့က ပွဲရှိမှ ပွဲတွေ တီးရမှ, ဆိုရမှ, ကရမှ ထမင်းစားလို့ရတာလေ။ ကိုဗစ် - ၁၉ ရောဂါကြီး မတိုင်ခင်က ဆယ်တန်းစာမေးပွဲတွေရှိတယ်။ အဲဒါမတိုင်ခင်မှာ မူလတန်းစာမေးပွဲတွေ ရှိတယ်။ အဲအချိန်ကတည်းက ပွဲမိန့်တွေက နည်းနည်းခက်တော့ ခွင့်ပြုချက်မရတော့ ကျွန်တော်တို့ အနုပညာ သမားတွေက, ရတာခက်တယ်ပေါ့ဗျာ။ ကလေးတွေစာမေးပွဲပြီးတော့ ပွဲရာသီလည်းရောက်ပြီ၊ လှိုင်လှိုင် က, ရတော့မယ်ဆိုတဲ့ အချိန်မှာ ကိုဗစ် - ၁၉ စဖြစ်လိုက်တော့, နိုင်ငံတော်ကလည်း ကြေငြာ လိုက်တဲ့အခါမျိုးကျတော့ ကျွန်တော်တို့မှာ တစ်ကယ့်ကို ကျဉ်းထဲကျပ်ထဲမှာ အချိန်ကောင်း အခါကောင်းမှာ ဖြစ်သွားတာပေါ့။ ဒါကြောင့် အနုပညာသမားတိုင်းမှာ အခက်အခဲရှိကြပါတယ်။ အနုပညာသမားဆိုတာ ပြည်သူတွေ အဆင်ပြေမှ၊ ပြည်သူတွေ လှူကြတန်းကြမှ ပွဲလမ်း သဘင် ထည့်တာ, ပွဲလမ်းသဘင်ထည့်မှ အနုပညာသမားဆိုတာ ထမင်းစားရတာလေ။ တိုက်ရိုက် အချိုးကျပါတယ် ဟု ပြောကြားခဲ့သည်။

 

သဘင်အနုပညာရှင်များအား ထောက်ပံ့မှုအစီအစဉ်တွင် မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)၊ တိုင်းဒေသ ကြီးအသီးသီးရှိ သဘင်အစည်းအရုံးများမှ ထည့်ဝင်ငွေ၊  မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် သဘင်အစည်းအရုံးမှလှူဒါန်းငွေ၊ သဘင်လူမှုကူညီရေးအသင်း၊ CB ဘဏ် ဥက္ကဋ္ဌ ဉီးခင်မောင်အေး၏ CB- KMA ဖောင်ဒေးရှင်းမှ ထည့်ဝင်ငွေ အပါအဝင် စုစုပေါင်း ငွေကျပ် သိန်း ၃၀ဝ၀ နီးပါး ထည့်ဝင်လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် နှင်းဆီရင်ခွင် လူမှုကူညီရေးဖောင်ဒေးရှင်း၊ Myanmar Media 7 ၊ သရုပ် ဆောင် အကယ်ဒမီ နေတိုး၊ သရုပ်ဆောင် တေးသံရှင် ရဲလေးတို့မှလည်း အသီးသီး ပါဝင်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကူညီထောက်ပံ့မှု အစီအစဉ်ကို ဧပြီလ ၂၀ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့အတွင်း ကူညီထောက်ပံ့မည်ဖြစ်ကြောင်း သိရသည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - မြန်မာနိုင်ငံသဘင်အစည်းအရုံး-ဗဟို