မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အတွေ့အကြုံများမျှဝေခြင်း အခမ်းအနား (၄/၂၀၂၄) ကျင်းပ

နေပြည်တော် မေ ၃

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အတွေ့အကြုံများမျှဝေခြင်း (Knowledge Sharing) အခမ်းအနား (၄/၂၀၂၄) ကို ယနေ့မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မြင့်နိုင်နှင့် ဒေါက်တာလင်းအောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း/ အမှုထမ်းများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက အိန္ဒိယနိုင်ငံ၏ E-Governance အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေနှင့် E-Governance ၏ စာရင်းစစ်ဆေးခြင်း ဆိုင်ရာ နည်းလမ်းများအပေါ် စိန်ခေါ်မှုများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အရာထမ်း/အမှုထမ်းများ သိရှိနားလည်စေရန်အတွက် ယနေ့အခမ်းအနားကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ E-Governance ပေါ်ပေါက်လာခြင်းဖြင့်များစွာသော အကျိုးကျေးဇူးများရရှိနိုင်သော်လည်း စိန်ခေါ်မှုများလည်း ရင်ဆိုင်ကြုံတွေ့ရနိုင်ပါကြောင်း၊ အဖွဲ့အစည်းတစ်ခု၏ ရည်ရွယ်ချက်များ အောင်မြင်နိုင်စေရန်အတွက် ကောင်းမွန်သော မဟာဗျူဟာများနှင့် အလေ့အကျင့်ကောင်းများ ပေါင်းစပ်ကျင့်သုံးသည့် အုပ်ချုပ်မှုစနစ်လိုအပ်ပါကြောင်း၊၊

 

အိန္ဒိယနိုင်ငံ၏ E-Governance အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် သတင်းအချက်အလက်နှင့် နည်းပညာအပေါ် အခြေခံ၍ စာရင်းစစ်ဆေးနည်းများ ဌာနတွင်း ထိန်းချုပ်ကွပ်ကဲ မှုစနစ်များ၊ ကျင့်ဝတ်ပိုင်းဆိုင်ရာ စောင့်စည်းလိုက်နာမှုစနစ်များ၊ ခေတ်နှင့်လျော်ညီစွာ လိုက်နာကျင့်သုံးလျက်ရှိသည့် စာရင်းစစ်စံများ၊ ငွေပေးချေမှုစနစ်များထားရှိ ဆောင်ရွက်ခြင်းများကို လေ့လာသိရှိရခြင်းဖြင့် မြန်မာ နိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် E-Governance အသွင်ကူးပြောင်းရာတွင် ဌာနတွင်း စာရင်းစစ်ကဏ္ဍနှင့် E-Governance ၏ အခန်းကဏ္ဍတို့အား ပိုမိုထိရောက်စွာ ပံ့ပိုးဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ အဆိုပါ ကိစ္စရပ်များအပေါ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အရာထမ်းများ ပိုမိုသိရှိနားလည်လာစေခြင်းဖြင့် စွမ်းဆောင်ရည်ပြည့်ဝသည့် ဝန်ထမ်းများမွေးထုတ်ရာတွင် များစွာအထောက်အကူပြုစေနိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် Audit of E-Governance” ခေါင်းစဉ်နှင့်စပ်လျဉ်း၍ (လက်ထောက်ညွှန်ကြားရေးမှူး) ဒေါ်ဝေဝေဖြိုးက အိန္ဒိယနိုင်ငံ၏ E-Governance ၏ စာရင်းစစ်ဆေးခြင်း နည်းလမ်းများ၊ ၎င်းစနစ် အတွင်း သုံးစွဲလျက်ရှိသော နည်းပညာများ၊ စနစ်များနှင့် လုံခြုံရေးပိုင်းဆိုင်ရာ စီမံဆောင်ရွက်ချက်များ၊ မြန်မာနိုင်ငံတွင် E-Goverment အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့် ဘဏ်တွင်းစာရင်းစစ်ဆေးရေးဌာနအနေဖြင့် စာရင်းစစ်ဆေးမှုများ ဆောင်ရွက်နေမှုအခြေအနေများကို တင်ပြဆွေးနွေးခဲ့ရာ တက်ရောက်လာကြသောဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် အဆင့်မြင့်အရာထမ်းများက အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)