မြန်မာနိုင်ငံတွင် ဆေးလိပ်သောက်သုံးသူနှင့် ကွမ်းယာ စားသုံးသူ ၂၂ သန်းခန့်ရှိ

နေပြည်တော်  ၁၇  ဒီဇင်ဘာ

ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်များအား စဉ်ဆက်မပြတ် ထိန်းချုပ်ရေးအတွက် ရန်ပုံငွေထားရှိရန်ကိစ္စနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များသို့ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ ဂရင်းအမရာဟိုတယ်၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာသန်းစိန်က မြန်မာနိုင်ငံမှာ ကွမ်းစားတဲ့သူက ၁၂ သန်းခန့်ရှိပြီး ဆေးလိပ်သောက်သူက ၁၀ သန်းခန့် ရှိပါတယ်။ အဆိုပါစားသုံးသူတွေရှိတဲ့အတွက် မြန်မာနိုင်ငံမှာ မကူးစက်နိုင်တဲ့ ရောဂါတွေ ဖြစ်နေပါတယ်။ အဆုတ်ကင်ဆာ၊ အသဲကင်ဆာ၊ ပါးစောင်ကင်ဆာ၊ နှလုံးရောဂါနဲ့ ဆီးချို သွေးချိုစတဲ့ ရောဂါတွေအကုန်လုံးက ဆေးလိပ်နဲ့ ဆေးရွက်ကြီးသုံးစွဲလို့ဖြစ်တဲ့ ရောဂါတွေ ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ နှစ်စဉ် လူဦးရေ ၇ သိန်းခန့်ဟာ အဲဒီရောဂါတွေကြောင့် သေဆုံးနေရပြီး မြန်မာနိုင်ငံမှာ လူဦးရေ ၆ သောင်းကျော်က ဆေးလိပ်နဲ့ ဆေးရွက်ကြီးကြောင့် သေဆုံးနေရပါတယ်။ ဆေးလိပ်ဆေးရွက်ကြီးသုံးစွဲမှု လျော့နည်းအောင် ကျွန်တော်တို့ ပညာပေးမှုတွေ လုပ်ဆောင်တဲ့ ပညာပေးကာလတစ်လခွဲအတွင်းမှာ ကွမ်းစားသူ ၆၀ ရာခိုင်နှုန်းက ကွမ်းစားဖြတ်လာကြပါတယ်။ အဲလိုပညာပေးမှုမျိုးကို တစ်နှစ်ပတ်လုံး လုပ်နိုင် မယ်ဆိုရင် ကွမ်းစားတဲ့သူရော၊ ကွမ်းမစားတဲ့သူရော၊ ကွမ်းထပ်မစားချင်အောင် ပိုပြီး လုပ်နိုင်မှာဖြစ်ပါတယ်။ အခုလို အသိပညာပေးမှုတွေ လုပ်နိုင်ဖို့အတွက် ငွေကြေးလိုအပ်ပါ တယ်ဟု ပြောကြားသည်။

ထို့ပြင် ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့် အားကစား ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်းက ဆေးလိပ်နဲ့ ဆေးရွက်ကြီးကို ထိန်းချုပ်ဖို့ခက်တာက တစ်နိုင်ငံလုံး ကွမ်းစားတယ်၊ ဆေးလိပ်သောက်တယ်ဆိုတာက ယဉ်ကျေးမှုတစ်ခုလို၊ ဓလေ့ထုံးစံတစ်ခုလို ဖြစ်နေခြင်းက အဓိကဖြစ်ပါတယ်။ နောက်တစ်ချက်က ပြည်သူတွေရဲ့ ကျန်းမာရေးအသိပညာ အားနည်းနေပါတယ်။ တစ်ဘက်ကလည်း ဌာနဆိုင်ရာတွေအနေနဲ့ အသိပညာပေးတဲ့အပိုင်းမှာ အားနည်းနေတာလည်းဖြစ်ပါတယ်ဟုပြောသည်။

အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ကျန်းမာရေးနှင့့် အားကစား ဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့မှ တာဝန်ရှိသူများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၊ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF)၊ အရှေ့တောင်အာရှဆေးလိပ်ထိန်းချုပ်ရေးဆိုင်ရာ မဟာမိတ်အဖွဲ့ (SEATCA) နှင့် ကလေးများဆေးရွက်ကြီးကင်းစင်ရေး လှုပ်ရှားရေးအဖွဲ့(CTFK)တို့မှ ပညာရှင်များနှင့် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းမှ ကျွမ်းကျင်ပညာရှင်များ တက်ရောက်ကြသည်။

သတင်း - ဟန်လင်းနိုင်၊ ဓာတ်ပုံ - ကိုထိန်