မြန်မာနိုင်ငံတွင် မှတ်တမ်းလုံး၀ မရှိသေးသည့် ငှက်မျိုးစိတ်တစ်မျိုးကို မိန်းမလှကျွန်းတောရိုင်း တိရစ္ဆာန်ဘေးမဲ့တော ပတ်ဝန်းကျင်တွင် ပထမဆုံးအကြိမ် တွေ့ရှိ

မြန်မာနိုင်ငံတွင် မှတ်တမ်းလုံး၀ မရှိသေးသည့် ငှက်မျိုးစိတ်တစ်မျိုးကို မိန်းမလှကျွန်းတောရိုင်း တိရစ္ဆာန်ဘေးမဲ့တော ပတ်ဝန်းကျင်တွင် ပထမဆုံးအကြိမ် တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)မှ သိရသည်။

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်က အဆိုပါဘေးမဲ့တော ဝန်ထမ်းများ၊ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)နှင့် မြန်မာ့ငှက်နှင့် သဘာဝထိန်းသိမ်းရေးအသင်း တို့မှ ငှက်ပညာရှင်များသည် ယင်းဘေးမဲ့တောတွင် ငှက်မျိုးစိတ်များနှင့် ပတ်သက်၍ သွားရောက်လေ့လာခဲ့ရာမှ မြန်မာနိုင်ငံတွင် ယခင်က မှတ်တမ်းမရှိသော Milky Stork ( Mycteria cinerea) ငှက်မျိုးစိတ် ၁၁ ကောင်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အခု ခရီးစဉ်မှာမှ တွေ့ရှိရတာဆိုတော့ ကျွန်တော်တို့ နိုင်ငံအတွက် မှတ်တမ်းအသစ်ဖြစ်ပါတယ်။ တွေ့ခဲ့တာကတော့ (၈) ကောင် တစ်အုပ်စု၊ ၂ ကောင်ရယ်၊ တစ်ကောင် ရယ်၊ စုစုပေါင်း ၁၁ ကောင် တွေ့ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မှန်းတာကတော့ ၁၁ ကောင်ထက် ပိုများပါတယ်။ တစ်ကမ္ဘာလုံးမှာဆိုရင်တော့ မျိုးသုဉ်းဖို့ အလားအလာ ရှိနေတဲ့ မျိုးသုဉ်းလုနီးပါး မျိုးစိတ်ဖြစ်ပါတယ်။ ဒီတော့ ဒီငှက်မျိုးစိတ်တွေ ကျက်စားနိုင်တဲ့ ဒေသတွေမှာ သုတေသနတွေ လုပ်ပြီးတော့ ထိန်းသိမ်းရေးလုပ်ငန်းတွေ ဆက်လုပ်ဖို့ လိုပါတယ်”ဟု သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) မှ ငှက်ပညာရှင် ဦးသက်ဇော်နိုင်က ပြောသည်။

Milky Stork ( Mycteria cinerea) သည် တစ်ကမ္ဘာလုံးတွင် အကောင်ရေ ၁၅၀၀ ခန့်သာ ကျန်ရှိတော့ပြီး အကောင်ရေ ကျဆင်းနေသည်ဟု IUCN Red List စာရင်းက ထုတ်ပြန်ထားကာ မျိုးသုဉ်းရန်အန္တရာယ် ရှိသော မျိုးစိတ်လည်း ဖြစ်ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့(မြန်မာနိုင်ငံအစီအစဉ်)မှ သိရသည်။