မြန်မာပြည်ဖွားသားကောင်းရတနာ

၄ ဇန်နဝါရီ

 

မြန်မာနိုင်ငံသမိုင်းကြောင်းတစ်လျှောက်တွင်    ကိုယ်ကျိုးမဖက်ဘဲ တိုင်းပြည်နှင့်လူမျိုးအကျိုးအတွက် စွန့်လွှတ်စွန့်စားရဲသော သားကောင်းရတနာများ ပေါ်ထွန်းခဲ့ဖူးပါသည်။ ပထမ မြန်မာနိုင်ငံတော်ခေတ်မှသည် စတုတ္ထမြန်မာနိုင်ငံတော်ခေတ် ကာလထိတိုင် ထင်ရှားကျော်ကြားသော သားကောင်းရတနာများ ပေါ်ထွန်းခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

 

တစ်ခေတ်တွင်တစ်ယောက် စစ်စစ်ပေါက်ပေါက် ပေါ်ထွန်းခဲ့သော သားကောင်းရတနာတို့သည် တစ်ယောက်ဆို ဆိုသလောက် ဖြစ်ပါသည်။ ထိုသားကောင်းရတနာတို့ကို မွေးဖွားပေးခဲ့သောမိခင်၊ မွေးဖွားရှင်သန်ခဲ့သောတိုင်းပြည်တို့သည်     ဂုဏ်ယူဝင့်ကြွားဖွယ်ရာအတိဖြစ်သည်။             ထိုသားကောင်းရတနာတို့သည်   တိုင်းပြည်၏  အနာဂတ်ဂုဏ်ဆောင် မီးရှူးတန်ဆောင်ဖြစ်သည်။

 

မြန်မာနိုင်ငံသည် နိုင်ငံပင်သေးငယ်သော်ငြား၊ နိုင်ငံပင်ချို့ငဲ့သော်ငြား ထိုသားကောင်းရတနာ၏ ဂုဏ်ဒြပ်မှာမသေးငယ်၊ ထည်ဝါကြီးမားလှသည်ကို မြင်တွေ့ရပါမည်။ မြန်မာတစ်ခွင်သာမက နိုင်ငံတကာတွင်ပါ ဂုဏ်တင့် ဝင့်ကြွားထင်ရှားခဲ့သူ ဖြစ်ပါသည်။ ထိုသားကောင်းရတနာကို မွေးဖွားပေးခဲ့သော မိခင်၊ ထိုသားကောင်းရတနာ ရှင်သန်ဖြစ်ထွန်းလာသော တိုင်းပြည်အတွက် ဂုဏ်ယူကျေးဇူးတင်ရမည် ဖြစ်သည်။

 

ထိုသားကောင်းရတနာ၏ ဘဝသမိုင်းကို မည်သူမျှရေးခဲ့သည်မဟုတ်၊ ကိုယ်တိုင်ပင် ရွပ်ရွပ်ချွံချွံရေးခဲ့သည်။   လွန်စွာဘုန်းတေဇာ   မြင့်မား  လှသည့် သားကောင်းရတနာသည် လောကီပညာရပ်များကို လိုက်စားလျက်  ထူးချွန်ပြောင်မြောက်အောင် ကြိုးပမ်းအားထုတ်ခဲ့သည်။ ကြိုးပမ်းအားထုတ်မှုများမှာ  ၎င်းအတွက်မဟုတ်၊  တိုင်းပြည်နှင့်လူမျိုးအတွက်ဖြစ်သည် ထိုသားကောင်းရတနာသည်  မြန်မာပြည်သူ  ပြည်သားများထံမှမေတ္တာရေစင်ကို အကြွင်းမဲ့ရယူနိုင်ခဲ့သည်။ မြန်မာပြည်အတွက် အမျိုး သားနိုင်ငံရေး မီးရှူးတန်ဆောင်ကို ထွန်းညှိပေးခဲ့သည်။ မြန်မာပြည်သူပြည်သားများ      အမျိုးသားရေးအားမာန်   နိုးကြားထက်သန်အောင် လှုံ့ဆော်ပေးခဲ့သည်။    သူ့ကျွန်မခံလိုသော    ရဲစိတ်ရဲမာန်    အားမာန်သတ္တိများ တိုးပွားလာအောင် တွန်းအားပေးခဲ့သည်။

 

ထိုသားကောင်းရတနာသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးအတွက်  တန်ဖိုးမဖြတ်နိုင်သော  တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို တည်ဆောက်ပေးနိုင်ခဲ့သူဖြစ်သည်။  မျက်မှောက်ကာလ  မြန်မာပြည်နိုင်ငံရေးသမိုင်းတစ်လျှောက်တွင် ထိုသားကောင်းရတနာထက် ပို၍ထင်ရှားအရေးပါသောပုဂ္ဂိုလ် မရှိဟုဆိုလျှင်  ယုံမှားဖွယ်ရာမရှိသောအချက်ဟု ဝန်ခံရမည်ဖြစ်သည်။

 

အကြောင်းမူကား ကိုယ့်မင်းကိုယ့်ချင်းဘဝမှ နယ်ချဲ့လက်အောက်ခံကိုလိုနီနိုင်ငံဖြစ်ခဲ့သော မြန်မာရာဇဝင်ကို အဆုံးသတ်၍ မြန်မာတိုင်းရင်းသား  ပြည်သူလူထုအတွက်  အလွန်အလှမ်းဝေးသော ပန်းတိုင်တစ်ခုဖြစ်သည့် လွတ်လပ်ရေးဆုထူးကို တိုတောင်းလှသော အချိန်ကာလအတွင်း  အောင်မြင်စွာလှမ်းဆွတ်နိုင်ရေးတွင် လူထု၏ရှေ့မှ  မားမား မတ်မတ်နေ၍ ရွပ်ရွပ်ချွံချွံ အသက်ပေးတိုက်ပွဲဝင်ခဲ့သောကြောင့် ပေတည်း။

 

သားကောင်းရတနာသည်ကား မြန်မာ့လွတ်လပ်ရေးဗိမာန်ကြီးကို မွမ်းမံတည်ဆောက်ရာ၌  ဦးစီးဦးဆောင်သည့် ဗိသုကာဆရာကြီးဖြစ်သည်။ မြန်မာ့ရာဇဝင်သမိုင်းတွင် မော်ကွန်းတင်အံ့သော ဂုဏ်အင်္ဂါရပ်များ ပြည့်စုံပေသော သားကောင်းရတနာသည်ကား သူသေသော်ငြား သူ၏နာမည်၊  သူ၏ကြိုးပမ်းအားထုတ်မှု၊  သူ၏လုပ်ငန်းစဉ်များ  မသေဘဲကျန်ရစ်နေသည်တကား။

 

ထိုသားကောင်းရတနာသည်ကား ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် နတ်မောက်မြို့၌ အဖ ဦးဖာ၊ အမိ ဒေါ်စုတို့မှ မွေးဖွားသန့်စင်သည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဖြစ်ပြီး မကြာမီကျရောက်တော့မည့် ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၄) နှစ်ပြည့် မွေးနေ့ကိုကျွန်ုပ်တို့  မြန်မာပြည်သူ    ပြည်သားအပေါင်းတို့က  ဦးညွှတ်ဂုဏ်ပြု လိုက်ရပါကြောင်း။      ။

 

ကြေးမုံ