မြန်မာပြည်တွင်းပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ ပထမပွဲစဉ် မော်လမြိုင်တွင် စတင်ကျင်းပ

မော်လမြိုင် ၂၃ မေ


မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်နှင့် မြန်မာပီဂျီအေတို့မှ ကြီးမှူး၍ Myanmar Zwe Mann Co.,Ltd မှ အဓိကကူညီပံ့ပိုးမှုဖြင့် ပြုလုပ်သည့် ၂၀၁၉ မြန်မာပြည်တွင်းပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ ပထမပွဲစဉ် (မော်လမြိုင်) ပထမနေ့နှင့် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ရှိ ရွှေနတ်တောင် ဂေါက်ကွင်း၌ ကျင်းပခဲ့သည်။ 


ဖွင့်ပွဲတွင် အမှတ်(၆၀၆) အမြောက်စစ်ဆင်ရေးကွပ်ကဲရေးမှူး၊ ဗိုလ်မှူးချုပ်သက်အောင်၊ အမှတ်(၄)တပ်မတော်တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ဦး၊ မွန်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးမင်းကျော်လွင်၊ မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် နာယက ဗိုလ်ချုပ်ဇာနည်ဝင်း(ငြိမ်း)၊ မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်ဒုဥက္ကဋ္ဌ ဦးအောင်ကြည်၊ Myanmar Zwe Mann Co.,Ltd မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းဇော်တို့ က  အလှည့်ကျဂေါက်သီးရိုက်ကာ ဖွင့်လှစ်ပေးခဲ့သည်။ 


ယင်းပြိုင်ပွဲကို  မြန်မာနိုင်ငံ၌ ထူးချွန်သော ဂေါက်သီးအားကစားသမားများ ပေါ်ထွက်လာစေရေး၊ နိုင်ငံဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာစေရေး၊ အနာဂတ်တွင် ဂေါက်သီးမျိုးဆက်သစ် လူငယ်အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် ရည်ရွယ်ချက်ဖြင့် ကျင်းပခဲ့ပြီး ပညာရှင်အဆင့်ပြိုင်ပွဲ၌ (၃၁) ဦး၊ ဝါသနာရှင်အဆင့်အမျိုးသားပြိုင်ပွဲ၌ (၉၆) ဦး၊ ဝါသနာရှင်အဆင့် အမျိုးသမီးပြိုင်ပွဲ၌ (၁၀) ဦး၊ အားကစားသမားစုစုပေါင်း ၁၃၇ ဦး ဝင်ရောက်ယှဉ်ပြိုင် လျက်ရှိသည်။ ပထမပွဲစဉ် (မော်လမြိုင်) ကို မေလ ၂၃ ရက်မှ ၂၆ ရက်ထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


 သတင်း - ဖိုးသော်ဇင်
ဓာတ်ပုံ - ဂေါက်သီးအဖွဲ့ချုပ်