မြန်မာ့ရာသီဥတုနှင့် အယ်လ်နီညိုဖြစ်စဉ်

(မိုး/ဇလ)

အယ်လ်နီညို (El Nino) ၊ လာနီညာ (La Nina) တို့သည် ရာသီဥတုကို ဖောက်လွဲဖောက်ပြန် ဖြစ်စေသည့် သဘာဝဖြစ်ရပ်များဖြစ်ကြပြီး ခရစ္စမတ်ကာလတွင် အမြင့်ဆုံးအခြေအနေ (peak condition) ကိုတွေ့ရလေ့ရှိကာ ပစိဖိတ်သမုဒ္ဒရာ အရှေ့ဘက်ကမ်းခြေဒေသများ၏ ရာသီဥတုကို သာမက အာရှတိုက်တောင်ပိုင်းကမ်းခြေဒေသများသို့တိုင် ဆက်စပ်၍ အစွန်းရောက်ရာသီဥတု အခြေအနေများကို ဖြစ်ပေါ်စေနိုင်ပါသည်။ အယ်လ်နီညို၊ လာနီညာကို ပထမဆုံးစတင်တွေ့ရှိသူများမှာ ပီရူးနိုင်ငံနှင့် အီကွေဒေါနိုင်ငံရှိ ရေလုပ်သားကြီးများ ဖြစ်ကြသည်။ အဆိုပါနိုင်ငံများရှိ ငါးဖမ်းလုပ်ငန်းများတွင် မကြာခဏဆိုသလို ငါးဖမ်းရရှိမှုလျော့နည်း လာလေ့ရှိကြောင်းကို သတိပြုမိရာမှ ရေအေးစီးကြောင်းများနေရာတွင် ရေပူစီးကြောင်းများ အစားထိုးဝင်ရောက်လာခြင်းကို စတင်တွေ့ရှိခဲ့ကြခြင်းဖြစ်ပါသည်။ ထိုသို့ ပင်လယ်ရေစီးကြောင်းများ ပြောင်းလဲရာမှတစ်ဆင့် ဆက်စပ်လေထုလွှာ အခြေအနေများ၊ ရာသီဥတုနှင့် မိုးလေဝသအခြေအနေများပါ ပြောင်းလဲဖောက်ပြန်လာရခြင်း ဖြစ်ပါသည်။ တစ်နည်းအားဖြင့် လေထုနှင့်ပင်လယ် ရေတို့ အပြန်အလှန်သက်ရောက်မှု (Air-sea interaction) ဖြစ်စဉ် ဖြစ်ပါသည်။

အဓိပ္ပာယ်ဖွင့်ဆိုချက်

အယ်လ်နီညိုဆိုသည်မှာ ခရစ္စမတ်ကာလအနီးတွင် တောင်အမေရိကတိုက် အနောက်ဘက်ကမ်းခြေ မြောက်ပိုင်းဒေသများဖြစ်သည့် “ပီရူးနှင့် အီကွေဒေါ” ကမ်းခြေများရှိ မူလရေအေးစီးကြောင်းများတွင် ရေနွေးစီးကြောင်းများ အစားထိုးစီးဝင်လာခြင်းဖြစ်ရပ်ကို ခေါ်ဆိုခြင်းဖြစ်ပါသည်။ ခရစ္စမတ်ကာလတွင် တွေ့ရလေ့ရှိပြီး ခရစ်တော်ကို ဂုဏ်ပြုသောအားဖြင့် “ခရစ်၏သားတော်” ဟူသော အနက်အဓိပ္ပာယ်ဖြင့် “အယ်လ်နီညို” ဟု အမည်ပေးထားခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် အပူလွန်ကဲသည့်နှစ်များသည် အယ်လ်နီညိုနှစ်များဖြစ်ပြီး အယ်လ်နီညိုနှစ်များတွင် အရှေ့ပစိဖိတ်သမုဒ္ဒရာအတွင်း ပင်လယ်ရေမျက်နှာပြင်အပူချိန်သည် ပြင်းအားအပေါ်မူတည်၍ ပုံမှန်ထက် (၁ ဒီဂရီ ဆဲလ်စီးယပ်မှ ၃ ဒီဂရီဆဲလ်စီးယပ်)ခန့် မြင့်တက်နေနိုင်ပါသည်။

အယ်လ်နီညိုနှစ်များ

၁၉၅၀ ပြည့်နှစ် နောက်ပိုင်းမှစ၍ ယခု ၂၀၂၄ ခုနှစ် အထိ အယ်လ်နီညိုဖြစ်စဉ် စုစုပေါင်း (၂၇)ကြိမ် ဖြစ်ပွားခဲ့ပြီး ၎င်းတို့အနက် (၁၉၈၂-၁၉၈၃)၊ (၁၉၉၇- ၁၉၉၈)၊ (၂၀၁၅ - ၂၀၁၆) ခုနှစ်တို့သည် အားအလွန်ကောင်းခဲ့သော အယ်လ်နီညိုနှစ်များ ဖြစ်ခဲ့ပါသည်။ (၂၀၂၃-၂၀၂၄) ခုနှစ်သည် အားအသင့်အတင့်ရှိခဲ့သော အယ်လ်နီညို နှစ်တစ်နှစ်ဖြစ်ပြီး ယခုလက်ရှိဧပြီလတွင် အားအနည်းငယ်ရှိသော အယ်လ်နီညိုအခြေအနေ၌ ဆက်လက်တည်ရှိနေပါသည်။

အထက်ပါ ပုံ (၂)(က) တွင် ဖော်ပြထားသည့် အတိုင်း ပုံမှန်နှစ်များတွင် အီကွေတာအနီး ပစိဖိတ်သမုဒ္ဒရာ အရှေဘက်ကမ်းခြေမှ တိုက်ခတ်လာသော အေးမြသည့် ကုန်သည်လေများသည် ဩစတြေးလျတိုက်အနီးသို့ ရောက်ရှိသောအခါ ပူနွေးသည့် ပစိဖိတ်သမုဒ္ဒရာ အနောက်ဘက်ကမ်းခြေမှ တိုက်ခတ်လာသောလေများနှင့် စုဆုံပြီးလေထု မငြိမ်မသက်ဖြစ်၍ အထက်သို့တက်ကာ မိုးတိမ် တောင်များ ဖြစ်ပေါ်လာပါသည်။ ထိုမှတစ်ဆင့် အထက်လေထုလွှာတွင် အရှေ့လေစီးကြောင်းဖြင့် တောင်အမေရိကတိုက် အနောက်ဘက်ကမ်းခြေသို့ ရောက်သောအခါ စိုက်ဆင်းလေများအဖြစ် ပြန်လည်ရောက်ရှိလာလေ့ရှိပါသည်။ အဆိုပါ လေလှည့်ပတ်မှု ဖြစ်စဉ်ကို “Walker Circulation” ဟု ခေါ်ဆိုပါသည်။ ထို့ကြောင့် ပုံမှန်နှစ်များတွင် တောင်အမေရိကတိုက် အနောက်ဘက်ကမ်းခြေတစ်လျှောက်၌ ခရစ္စမတ်ကာလအတွင်း အေးမြခြောက်သွေ့သည့် မိုးလေဝသအခြေအနေရရှိ ပါသည်။

ပုံ(၂) (ခ) တွင် ဖော်ပြထားသည့်အတိုင်း အယ်လ်နီညိုနှစ်များတွင် အီကွေတာအနီး ပင်လယ်ရေမျက်နှာပြင် အပူချိန်သည် ပုံမှန်ထက် ပိုမိုပူနွေးလာကာ အီကွေတာတစ်လျှောက်ရှိ ကုန်သည်လေများ အားလျော့သွားပြီး အထက်လေထုလွှာတွင် “Walker Circulation” သည် ပုံသဏ္ဌာန်မမှန်တော့ဘဲ ဆဲလ်များကွဲထွက်သွားကာ တောင်အမေရိကတိုက် အနောက်ဘက်ကမ်းခြေတစ်လျှောက်၌ ပုံမှန်အေးမြခြောက်သွေ့သည့် မိုးလေဝသဖြစ်စဉ်များ အစား ပူနွေးစိုစွတ်သည့်ဖြစ်စဉ်များ အစားထိုးဝင်ရောက်လာပါသည်။

အယ်လ်နီညိုပြင်းအား အဆင့်သတ်မှတ်ပုံ

အယ်လ်နီညိုဖြစ်စဉ်၏ ပြင်းအားကို ပုံ(၃) တွင် ဖော်ပြထားသည့် NINO 3.4 ဧရိယာ၌ ဖြစ်ပေါ်နေ သော ပင်လယ်ရေမျက်နှာပြင်အပူချိန်ဖြင့် သတ်မှတ်ရာ၌ နှစ် ၃၀ ပျမ်းမျှအပူချိန်ထက် (+၀.၅)ဒီဂရီဆဲလ်စီးယပ်ပိုပါက အယ်လ်နီညို ဖြစ်စဉ်ဟုလည်းကောင်း၊ ပျမ်းမျှအပူချိန်(+၀.၄)နှင့် (-၀.၄) ဒီဂရီဆဲလ်စီးယပ်တို့အကြားရှိပါက ပုံမှန်နှစ်ဟုလည်းကောင်း သတ်မှတ်ပါသည်။ ပြင်းအား အဆင့်ဆင့်၏ အသေးစိတ်ကို အောက်ဖော်ပြပါ ဇယား(၂) အတိုင်း ခွဲခြားသတ်မှတ်ပါသည်။

အယ်လ်နီညိုရာသီစက်ဝန်းနှင့် ကြာမြင့်ချိန်

အယ်လ်နီညိုဖြစ်စဉ်များသည် အစောဆုံးနှစ်နှစ်မှ အကြာဆုံးခုနစ်နှစ်လျှင် တစ်ကြိမ်ကျ ဖြစ်ပေါ်လေ့ရှိပြီး အနည်းဆုံး ၉ လမှ ၁၂ လအထိ ကြာမြင့်တတ်ပါသည်။ နှစ်တစ်နှစ်၏ နှစ်လယ်လများတွင် အစပျိုးဖြစ်ပေါ်လေ့ရှိသော အယ်လ်နီညိုဖြစ်စဉ်များသည် ခရစ္စမတ်ကာလတွင် အမြင့်ဆုံးအခြေအနေသို့ရောက်ရှိပြီး ဒုတိယနှစ်၏ ပထမနှစ်ဝက်ကာလများအတွင်း တဖြည်းဖြည်း အားလျော့သွားလေ့ရှိပါသည်။

အယ်လ်နီညို ဖြစ်စဉ်များ၏ သက်ရာက်မှု

အယ်လ်နီညိုဖြစ်စဉ်များသည် ကမ္ဘာအရပ်ရပ်တွင် ရာသီဥတုနှင့် မိုးလေဝသဖြစ်စဉ်များအပေါ် သက်ရောက်လေ့ရှိပါသည်။ အထူးသဖြင့် အီကွေတာ နှင့်နီးသောဒေသများတွင် ပိုမိုခံစားရလေ့ရှိပါသည်။ ဥပမာအားဖြင့် ပုံ(၄)တွင် ဖော်ပြထားသည့်အတိုင်း အယ်လ်နီညို၏ အကျိုးသက်ရောက်မှုကြောင့် တောင်အာဖရိကတိုက် အရှေ့ဘက်ကမ်းခြေတွင် မိုးခေါင်ရေရှားမှုဖြစ်စဉ်များ၊ အာရှတိုက်တောင်ပိုင်းတွင် မုတ်သုံရာသီလေကို အင်အားနည်းစေခြင်းများ၊ ပူပြင်းခြောက်သွေ့ခြင်းများကို ကြုံတွေ့ရလေ့ရှိပါသည်။

မြန်မာနိုင်ငံနှင့် အယ်လ်နီညိုဖြစ်စဉ်

မြန်မာနိုင်ငံတွင် အယ်လ်နီညိုဖြစ်ပေါ်သည့် နှစ်များတွင် တစ်နိုင်ငံလုံး၌ နွေကာလ ပူပြင်းခြောက်သွေ့ခြင်း၊ မိုးခေါင်၍ ရေရှားပါးမှုပြဿနာများ ကြုံတွေ့ရခြင်း၊ မုတ်သုံမိုးနည်းခြင်း၊ အနောက်တောင်မုတ်သုံလေ အဝင်နောက်ကျခြင်း၊ မုတ်သုံလေ အင်အားနည်းခြင်း၊ မုတ်သုံလေအထွက်စောခြင်း၊ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်ပေါ်မှု ပုံမှန်အောက်လျော့နည်းခြင်းအစရှိသည့် ရာသီဥတုဆိုင်ရာ၊ မိုးလေဝသဆိုင်ရာ ပြဿနာများ ကြုံတွေ့ ရလေ့ရှိပါသည်။ ဥပမာဖော်ပြရလျှင် ပုံ(၆) တွင် ဖော်ပြထားသည့်အတိုင်း ၁၉၉၇-၁၉၉၈ အားအလွန်ကောင်းသော အယ်လ်နီညိုဖြစ်စဉ်ကြောင့် ၁၉၉၈ ခုနှစ်တွင် မြန်မာတစ်နိုင်လုံး မိုးရေချိန်ပမာဏသည် ပုံမှန်နှစ်တစ်နှစ်၏ ရွာသွန်းမြဲမိုးရေချိန်ပမာဏ အောက် (၂၃ ရာခိုင်နှုန်း)ခန့်လျော့နည်းရွာသွန်းခဲ့သည်။ ၁၉၉၈ ခုနှစ် ဧပြီလနှင့်မေလအတွင်း စခန်းပေါင်း ၃၀ ကျော်တွင် အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်ခြင်းများ ဖြစ်ပေါ်ခဲ့ပြီး မိုးခေါင်မှု၊ သောက်သုံးရေပြတ်လပ်မှုများနှင့် ကြုံတွေ့ခဲ့ကြရပါသည်။ ၂၀၀၉-၂၀၁၀ ပြည့်နှစ် အားအသင့်အတင့် ရှိသော အယ်လ်နီညိုဖြစ်စဉ်ကြောင့် စစ်ကိုင်းတိုင်း ဒေသကြီး မြင်းမူမြို့တွင် ၂၀၁၀ ပြည့်နှစ်၌ အမြင့်ဆုံး အပူချိန် (၄၇.၂) ဒီဂရီဆဲလ်စီးယပ်ဖြင့် စံချိန်သစ်တင်ခဲ့ရာ ၎င်းစံချိန်သစ်သည် ထိုအချိန်က မြန်မာနိုင်ငံ တစ်နိုင်ငံလုံး၏ အမြင့်ဆုံးအပူချိန် စံချိန်သစ်လည်း ဖြစ်ခဲ့ပါသည်။ ထို့အပြင် ၂၀၁၀ ပြည့်နှစ် အားအသင့်အတင့်ရှိသော အယ်လ်နီညိုဖြစ်စဉ်ကြောင့် ပုံ(၇)တွင် ဖော်ပြထားသည့်အတိုင်း ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန် ရေခန်းခြောက်ခဲ့ခြင်း၊ မြန်မာနိုင်ငံ မြေလတ်ဒေသများ၌ပင် သောက်သုံးရေပြတ်လပ်ခြင်းတို့ ဖြစ်ပွားခဲ့ပါသည်။ ၁၉၉၇-၁၉၉၈ အားအလွန်ကောင်းသော အယ်လ်နီညိုဖြစ်စဉ်တွင် ပုံ(၅)တွင် ဖော်ပြထားသည့်အတိုင်း တစ်နှစ်တာ ပျမ်းမျှအမြင့်ဆုံးအပူချိန်သည် (၃၂.၁) ဒီဂရီဆဲလ်စီးယပ်သို့လည်းကောင်း၊ ၂၀၀၉-၂၀၁၀ အားအသင့်အတင့်ရှိသော အယ်လ်နီညိုဖြစ်စဉ်တွင် တစ်နှစ်တာ ပျမ်းမျှအမြင့်ဆုံးအပူချိန်သည် (၃၂.၄) ဒီဂရီဆဲလ်စီးယပ်သို့လည်းကောင်း၊ ၂၀၂၃ ခုနှစ် အားကောင်းသော အယ်လ်နီညိုဖြစ်စဉ်တွင် တစ်နှစ်တာ ပျမ်းမျှအမြင့်ဆုံး အပူချိန်သည် (၃၂.၇) ဒီဂရီ ဆဲလ်စီးယပ်သို့လည်းကောင်း အသီးသီးရောက်ရှိခဲ့ပါသည်။

၂၀၂၃-၂၀၂၄ အယ်လ်နီညိုအခြေအနေ

၂၀၂၃ ခုနှစ် ဧပြီလမှ စတင်ခဲ့သော အယ်လ်နီညို ဖြစ်စဉ်သည် ၂၀၂၃ ခုနှစ် မေလ၊ ဇွန်လနှင့် ဇူလိုင်လ တို့တွင် အားအနည်းငယ်ရှိသော အယ်လ်နီညို အခြေအနေသို့လည်းကောင်း၊ ဩဂုတ်လ၊ စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် အားအသင့်အတင့်ရှိသော အယ်လ်နီညိုအခြေအနေသို့လည်းကောင်း၊ နိုဝင်ဘာလ၊ ဒီဇင်ဘာလနှင့် ဇန်နဝါရီလ များတွင် အားကောင်းသော အယ်လ်နီညိုအခြေအနေသို့လည်းကောင်း အသီးသီးရောက်ရှိခဲ့ပြီး ဖေဖော်ဝါရီလနှင့် မတ်လမှစတင်ကာ အားအသင့်အတင့်ရှိသော အယ်လ်နီညိုအဆင့်သို့ ပြန်လည် လျော့ကျခဲ့ရာ ယခု ဧပြီလ ၂၂ ရက်နေ့တွင် ပုံ(၈) တွင် ဖော်ပြထားသည့်အတိုင်း ပျမ်းမျှပင်လယ်ရေမျက်နှာပြင်အပူချိန်အထက် (+၀.၇၇၃ ဒီဂရီ ဆဲလ်စီးယပ်) ဖြင့် အားအနည်းငယ်ရှိသော အယ်လ်နီညိုအခြေအနေ၌ ဆက်လက်တည်ရှိနေပါသည်။ နိုင်ငံတကာမိုးလေဝသဌာနများ၏ သင်္ချာပုံစံပြုမော်ဒယ်များ ခန့်မှန်းချက်အရ ၂၀၂၄ ခုနှစ် ဇွန်လတွင် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်ပြီး ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် လာနီညာအခြေအနေသို့ ကူးပြောင်းရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှ ဇွန်လအထိ မိုးရွာသွန်းမှုလျော့နည်းနိုင်ပြီး ခြောက်သွေ့သော အခြေအနေတွင် ရှိနိုင်ပါသည်။

ယခုအခါ ကမ္ဘာကြီးပူနွေးလာနေမှု (Global Warming)ကြောင့် (၁၈၅၀-၁၉၀၀ ပြည့်နှစ်) ကာလ၏ ကမ္ဘာ့ပျမ်းမျှအပူချိန်နှင့် နှိုင်းယှဉ်ကြည့်ပါက လက်ရှိ ကာလ ကမ္ဘာ့ပျမ်းမျှအပူချိန်များမှာ တစ်နှစ်ထက် တစ်နှစ်ပို၍မြင့်တက်လျက်ရှိပါသည်။ အယ်လ်နီညိုဖြစ်စဉ်များသည် ကမ္ဘာကြီးပူနွေးလာနေမှုအပေါ် ဆင့်ကဲလွှမ်းမိုးကာ အယ်လ်နီညိုနှစ်များတွင် အပူချိန်များ သိသိသာသာ ပိုမိုမြင့်တက်ခဲ့ရာ ပြီးခဲ့သော ၂၀၂၃ ခုနှစ်သည် အယ်လ်နီညိုနှစ်ဖြစ်ခဲ့သည့်အတွက် ကမ္ဘာ့သမိုင်းတွင် စံချိန်တင်အပူဆုံး နှစ်တစ်နှစ်ဖြစ်ခဲ့ကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်မှ ထုတ်ပြန်ထားပါသည်။ မြန်မာနိုင်ငံတွင်လည်း အယ်လ်နီညိုဖြစ်စဉ်စတင်ခဲ့သော ၂၀၂၃ ခုနှစ် ဧပြီလမှစတင်၍ ၂၀၂၄ ခုနှစ် မတ်လကုန်အထိ အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်ခြင်း စုစုပေါင်း (၅၉) ကြိမ်ကိုလည်းကောင်း၊ အနိမ့်ဆုံးအပူချိန် စံချိန်သစ်တင်ခြင်း စုစုပေါင်း (၁၈) ကြိမ်ကိုလည်းကောင်း တိုင်းတာရရှိခဲ့ပါသည်။

နိဂုံး   

အချုပ်အားဖြင့်ဆိုသော် အထက်တွင်ဖော်ပြခဲ့သော အယ်လ်နီညိုဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံတွင် ကြုံတွေ့နိုင်ဖွယ်ရှိသော ရာသီဥတုနှင့် မိုးလေဝသဆိုင်ရာ အစွန်းရောက်လက္ခဏာများကို ပြည်သူလူထုအနေဖြင့် သိရှိနားလည်ပြီး အယ်လ်နီညိုနှစ်များတွင် ကြိုတင်သတိပြုသင့်ပါသည်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် အယ်လ်နီညိုနှစ်များတွင် မူမမှန်သော အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သည့်အခါတိုင်း သတင်းများ/ သတိပေးချက်များ၊ အကြံပြုချက်များကို အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိပါသည်။ သို့ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်များကို စောင့်ကြည့်၍ မိမိတို့၏ လုပ်ငန်းကိစ္စ အဝဝဆောင်ရွက်ကြရာ၌ မူမမှန်သော အစွန်းရောက် မိုးလေဝသအခြေအနေများ ဖြစ်ပေါ်နိုင်မှုကို ကြိုတင် သတိပြုဆင်ခြင်၍ ဆောင်ရွက်နိုင်စေရန် ဖော်ပြအပ်ပါသည်။ ။