မြန်မာ့ရိုးရာရေသဘင်ပွဲ အသိတရားဖြင့်ဆင်နွှဲ

ယနေ့သည် ၁၃၈၀ ပြည့်နှစ် မြန်မာ့ရိုးရာမဟာသင်္ကြန် အကျနေ့ဖြစ်သည် နှင့်အညီ တစ်နိုင်ငံလုံးတွင် ရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲနေကြပြီ ဖြစ်သည်။ မြန်မာတို့၏ ဆယ့်နှစ်လရာသီပွဲတော်များအနက် သင်္ကြန်ရေသဘင်ပွဲသည် ပျော်ရွှင်စရာအကောင်းဆုံးပွဲတော်ဖြစ်သည်။ ထိုပွဲတော်တွင် မြန်မာ့ယဉ်ကျေးမှုကို မမေ့မပျောက်စေဘဲ ယဉ်ကျေးစွာဆင်နွှဲကြဖို့ တိုက်တွန်းလိုပါသည်။

 

သင်္ကြန်ရေသဘင်ပွဲတော်ကာလတွင် လူတိုင်းကိုယ်စီ ပျော်ရွှင်ကြသဖြင့် သတိပြုဆင်ခြင်ဖွယ်ရာများဖြင့် ပျော်ရွှင်ကြရမည်ဖြစ်သည်။ သင်္ကြန်ကာလ တန်ခူးလသည် နွေကာလဖြစ်သည်နှင့်အညီ အလွန်ပူပြင်းသော အပူရှိန်ဒဏ်ကို ပြင်းထန်စွာကြုံတွေ့နေရသည်။ မြစ်ချောင်း၊ အင်းအိုင်များ ခန်းခြောက်နေသော ကာလဖြစ်၍ သင်္ကြန်ရေကို ဆင်ခြင်သုံးစွဲကြရမည် ဖြစ်သည်။ အပူရှိန် တက်လာသော နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း နေပူပူတွင်သတိမူကာ သွားလာလှုပ်ရှားကြရမည် ဖြစ်သည်။

 

ဖြစ်နိုင်လျှင် အရိပ်ရသောနေရာများတွင် နားနားနေနေပျော်ပါးသင့်သည်။ သင်္ကြန်ကာလ၌ ခရမ်းလွန် ရောင်ခြည်သည် မြင့်မားစွာကျရောက်နေသဖြင့် အသားအရေနှင့် မျက်စိတို့ကို အန္တရာယ်မဖြစ်စေရန် အတွက် အကွယ်အကာများ ပြုလုပ်ထားသင့်သည်။ ယခုနှစ်တွင် အကုန်အကျနည်းသော လမ်းလျှောက် သင်္ကြန်ကို ဆင်နွှဲကြသည်ဖြစ်၍ ဦးထုပ်၊ နေကာမျက်မှန်နှင့် နေရောင်ခံလိမ်းဆေးများ အသုံးပြုကာ ဆင်နွှဲသင့်သည်။

 

သင်္ကြန်ပွဲတော်ကာလအတွင်း အန္တရာယ်မဖြစ်ပွားစေရေးအတွက် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ အစည်းများ ၏ သတိပေးနှိုးဆော်မှုများကို လိုက်နာကြရမည်ဖြစ်သည်။ မြို့တွင်းသို့ ရေပက်ခံထွက်ရာတွင် ယာဉ်မောင်း သူများအနေဖြင့် အရက်သေစာနှင့်မူးယစ်ဆေးဝါးမသုံးစွဲမိစေရန် သတိပြုရမည်ဖြစ်သည်။ မူးယစ်ဆေးဝါး၊ စိတ်ပြောင်းဆေးဝါး၊ ထိန်းချုပ်ဆေးဝါး၊ ကာမဆန္ဒနှိုးဆွ ဆေးဝါးအမျိုးမျိုးတို့ ပြည်သူလူထုအတွင်း စိမ့်ဝင်ပျံ့နှံ့လျက်ရှိရာ ကိုယ်တိုင်သောက်သုံးခြင်း၊ မြှူဆွယ်တိုက်ကျွေးခံရခြင်း မရှိစေရန် သတိပြုရ မည်ဖြစ်သည်။

 

မြန်မာ့ရိုးရာယဉ်ကျေးမှုသင်္ကြန်ပွဲတော်ကို မညစ်နွမ်း၊ မပျက်စီးစေရန်နှင့် မိမိတို့နိုင်ငံနှင့် မိမိတို့လူမျိုး၏ ဂုဏ်သိက္ခာမညှိုးနွမ်း၊ မပျက်စီးစေရန် အတွက် မူးယစ်ဆေးဝါးနှင့် ကာမဆိုင်ရာဆေးဝါးများ ရောင်းဝယ်ဖောက်ကား ဖြန့်ချိခြင်း၊ သုံးစွဲခြင်းများတွေ့ရှိပါက တာဝန်သိပြည်သူတစ်ဦးအနေဖြင့် အနီးဆုံးလုံခြုံရေးအဖွဲ့အစည်းများထံသို့ သတင်းပေးတိုင်ကြားသင့်ပါသည်။ မိန်းကလေးများအနေဖြင့် သူစိမ်းတစ်ရံဆံများနှင့် လည်ပတ်ရာတွင် ၎င်းတို့ကျွေးမွေးသော အစားအသောက်များကို သတိထား ရှောင်ကြဉ်ကြရန် လိုအပ်ပါသည်။

 

သင်္ကြန်ကာလအတွင်း လူငယ်လူရွယ်များအနေဖြင့် ခေတ်မီသော ဝတ်စားဆင်ယင်မှုများကို ဝတ်ဆင်နိုင်သော်လည်း မြန်မာ့ယဉ်ကျေးမှု နှင့်မဆီလျော်သည့် ဝတ်ဆင်ပုံဖော်မှုများကို မပြုလုပ်မိကြရန် လိုအပ်ပေသည်။ အထူးသဖြင့် မူးယစ်ဆေးဝါးအပါအဝင် အလွယ်တကူဝယ်ယူသောက် သုံးနိုင်သော အရက်သေစာများကို အလွန်အကြူးအပျော်လွန်သောက် သုံးခြင်းဖြင့်မိမိနှင့် မိမိတို့၏ပတ်ဝန်းကျင် ဘေးအန္တရာယ်မဖြစ်အောင် သတိပြုဆင်ခြင်အပ်ပါသည်။

 

မြန်မာ့ရိုးရာသင်္ကြန် ရေသဘင်ပွဲတော်သည် နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းသည့်ကာလဖြစ်၍ နှစ်ဟောင်းမှ မကောင်းမှုအညစ်အကြေးများကို နှစ်သစ်သို့ ကူးပြောင်းလိုက်ပါမလာနိုင်အောင် သင်္ကြန်ရေဖြင့် ဆေးကြောခြင်း ဖြစ်သည်။ လာမည့်နှစ်သစ်ကာလတွင် စိတ်သစ်ကိုယ်သစ်ဖြစ်အောင် ဆောင်ကြဉ်းပြီး နှစ်သစ်တွင် ဘေးအန္တရာယ်ကင်းစွာဖြင့် ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ရေးအတွက် ကိုယ်တိုင် အသိတရားဖြင့် ပျော်ရွှင်ကြရန်နှင့် ရပ်မိရပ်ဖများ၊ မိဘအုပ်ထိန်းသူများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ဝိုင်းဝန်းထိန်းသိမ်း၍ လက်တွဲပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပေသည်။

 

သို့ဖြစ်ရာ မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ရေသဘင်ပွဲတော်သည် ပျော်ရွှင်ဖွယ်ရာများနှင့်အတူ ကောင်းခြင်းမင်္ဂလာများနှင့် ထုံမွမ်းနေပြီးဖြစ်သော ပွဲတော်ဖြစ်ရာ မြန်မာတစ်နိုင်ငံလုံးတွင် ရေသဘင်ပွဲတော် ဆင်နွှဲနေကြသော မိဘပြည်သူလူထုအပေါင်းတို့အနေဖြင့် သက်ဆိုင်ရာတို့က သတိပေးထားသည်နှင့် အညီ မိမိတို့ကလည်း အသိစိတ်ဓာတ်ရှိရှိဖြင့် ပူးပေါင်းပါဝင်ပျော်ရွှင်ကြရန် လေးစားစွာဖြင့် တိုက်တွန်း အပ်ပါသည်။ ။