မြန်မာ့ရိုးရာယဉ်ကျေးမှုသင်္ကြန်ပွဲတော်

ယနေ့သည် မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ် တန်ခူးလဆန်း ၉ ရက်နေ့မြန်မာတို့၏ရိုးရာအစဉ်အလာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အကြိုနေ့ဖြစ်ပေသည်။ တန်ခူးလသည် မြန်မာတို့၏အစဉ်အလာ နှစ်သစ်ကူးပြောင်းသည့် ကာလဖြစ်ပေသည်။ မြန်မာသက္ကရာဇ်ဦးခေါင်း ကူးပြောင်းတော့မည့်နှစ်သစ်ကူးလတွင် ပျော်ရွှင်ဖွယ်ရာမင်္ဂလာများနှင့် ကောင်းသောအမှုများကို စတင်ပြုကြသည်။

ကာလအားဖြင့်  သင်္ကြန်အကြိုနေ့မှစ၍  နှစ်ဆန်းတစ်ရက်နေ့အထိအကူးအပြောင်းကာလအဖြစ် သတ်မှတ်၍ဆင်နွှဲကြရာ ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာအဖုံဖုံတို့စုံလင်လှပါသည်။ သင်္ကြန်ပွဲတော်ကို ဆင်နွှဲကြရာ၌ ပျော်ရွှင်ချမ်းမြေ့ဖွယ်တို့ဖြင့်သာ    ပြီးပြီးလွယ်လွယ်  ကူးပြောင်းခြင်းမဖြစ်စေဘဲသင်္ကြန်ပွဲတော်ဖြစ်ပေါ်လာပုံနှင့် အနှစ်သာရရည်ရွယ်ချက်ကို မှတ်သားသိရှိသင့်ပါသည်။

သင်္ကြန်သည် ဝေဒသဘောဖြစ်ပြီး တနင်္ဂနွေဂြိုဟ်မင်းသည် မိဿရာသီ(တန်ခူးလ) ပထမနဝင်းမှစ၍ ဆယ့်နှစ်လရာသီလည်ပတ်ခဲ့ရာ  မိန်ရာ သီ(တပေါင်းလ)၏အဆုံး နက္ခတ်နဝင်းပေါင်း ၁၀၈ နဝင်းအရောက် လပေါင်း ၁၂ လ၊ ရက်ပေါင်း ၃၆၅ ရက်အကြာ တစ်ပတ်လည်သည့် အကူးအပြောင်း ကျရောက်သောအချိန်ကို သင်္ကြန်ကျသည်ဟု ယူဆကြသည်။ တနင်္ဂနွေဂြိုဟ်မင်း ရာသီကူးပြောင်းခြင်း၊ ဗြဟ္မာမင်း ဦးခေါင်းပြောင်းခြင်းကို သင်္ကြန်ကျခြင်းဟု ဝေဒအလိုအရ ဆိုကြပါသည်။

သင်္ကြန်နှင့်စပ်လျဉ်း၍ အစဉ်အလာသုံးမျိုးကိုလည်း သိထားသင့်သည်။  သင်္ကြန်သည်  ကောင်းကျိုးမင်္ဂလာ  ကြန်အင်လက္ခဏာတိုးပွားစေရန်သုတ်သင်ဆေးကြောခြင်း အနက်ထွက်သည်။ ဦးခေါင်းဆေးလျှော်သည်ကိုသင်္ကြန်ဟု ဆိုကြသည်။ ရှေးက ဘုရင်တို့ တစ်ပတ်လျှင် တစ်ကြိမ်လျှော်သော  ပကတိသင်္ကြန်၊ ဂြိုဟ်စီး ဂြိုဟ်နင်း ညံ့ဖျင်းသောအခါ အန္တရာယ်ပျောက်စေရန်လျှော်သောသင်္ကြန်နှင့် ဘိသိက်ခံယူသောအခါ လျှော်သောသင်္ကြန်ဟူ၍ သုံးမျိုးရှိသည်။  ဤသည်ကိုထောက်ရှု၍  သင်္ကြန်တွင်  ခေါင်းဆေးခြင်း၊ ရေပက်ကစားခြင်းတို့သည်  အဆိုးပျောက်၍  အကောင်းရောက်စေရန်ရည်သန်၍ မကောင်းမှုဟူသမျှတို့ကို ဆေးကြောသန့်စင်သည့် သဘောရှိသည်။

ရှေးအခါက သင်္ကြန်ပွဲတော်ကို အကျရက်၊ အကြတ်ရက်၊ အတက်ရက်ဟူ၍ သုံးရက်ကျင်းပစမြဲဖြစ်ပြီး မျက်မှောက်ကာလရောက်မှ အကြိုတစ်ရက်ပိုလာသည်။ အကြိုနေ့ကို ကလေးသင်္ကြန်အဖြစ် ရေပက်ကစားလေ့ရှိသည်။ မြန်မာတို့အနေဖြင့်  သင်္ကြန်ထိုရက်များတွင်    ရေပက်ကစားခြင်းကိုသာ  အဓိကထားသည်။ သင်္ကြန်နှင့်ပတ်သက်၍ မည်သို့ပင်ဆိုစေကာမူ တန်ခူးလသည် သက္ကရာဇ်ဦးခေါင်း ကူးပြောင်းတော့မည့်လဖြစ်ရာ  နှစ်ဟောင်းမှအညစ်အကြေးများ နှစ်သစ်သို့ မည်သို့မျှပါရန် မသင့်တော်တော့ချေ။

လူတို့၏အနေအထားဖြင့် ဆိုသော်ကား နှစ်ဟောင်းမှ စွန်းထင်းပေကျံလာသော  ဒုစရိုက်မှုအပြစ်  အညစ်အကြေးများကို  အနာဂတ်နှစ်ဆန်း၊ နှစ်သစ်သို့ တန်းလန်း တန်းလန်းနှင့် ပါမလာစေရန်အတွက်  သင်္ကြန်တွင်း  အခါကြီးရက်ကြီးများတွင် ပြုခဲ့မိသောအပြစ်များမှ ပပျောက်ပါစေတော့ဟူ၍ ကုသိုလ်ရေစင်ဖြင့်   အညစ်အကြေးများကို    ဆေးကြောခြင်း၊    ဥပုသ်သီတင်းစောင့်သုံး ဆောက်တည်ခြင်း၊ တတ်အားသမျှ အလှူဒါနများကိုပြုလုပ်ကြလေသည်။

ဤကဲ့သို့ နှစ်သစ်ကူးမင်္ဂလာအခါသမယတွင် တစ်ဦးနှင့်တစ်ဦး ရေပက်ကစားခြင်းဖြင့်  အညစ်အကြေး  ဆေးကြောခြင်း၊  အေးမြကြည်လင်မှုကိုဖြစ်စေခြင်း၊ ပူပြင်းသောနွေအရှိန်ကို အေးမြသည့်ရေအလျဉ်ဖြင့် လျော့ပါး  သက်သာစေခြင်း၊ အများပြည်သူတို့အချင်းချင်း ရေကိုသား၍ အကြားမထင်သကဲ့သို့ စည်းလုံးချစ်ခင်စွာဖြင့် နေထိုင်ဆက်ဆံပျော်ရွှင်စေကြခြင်း စသည့်ကောင်းမြတ်သော    ရည်ရွယ်ချက်များဖြင့်   မဟာသင်္ကြန်ပွဲတော်ကို၊  နှစ်သစ်ကို ကူးပြောင်းဖြတ်သန်းကြရမည် ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု အစဉ်အလာကောင်းများနှင့်အညီ    အတာသင်္ကြန်ရေသဘင်ပွဲတော်ကို  ဆင်နွှဲကြရာ၌  မြန်မာပြည်တစ်ဝန်းရှိ  တိုင်းရင်းသားပြည်သူအားလုံး  တစ်ဦးအပေါ်တစ်ဦး မေတ္တာ လွှမ်းခြုံ၍ သန့်စင်သည့် သင်္ကြန်ရေစင်ဖြင့်ပက်ဖျန်းပြီး နှစ်သစ်သို့ကူးပြောင်း ရမည်ဖြစ်ပါကြောင်း။    

ကြေးမုံ