မြန်မာ့ရုပ်ရှင်ထူးချွန်ဆုတွင် ထည့်သွင်းချီးမြှင့်မည့် တစ်သက်တာထူးချွန်ဆုပေးအပ်မည့် အစီအစဉ်အတွက် ဇာတ်တိုက်လေ့ကျင့်

ရန်ကုန် ၁၄ မတ်

 

၂၀၁၇ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုတွင် ထည့်သွင်းချီးမြှင့်မည့် တစ်သက်တာထူးချွန်ဆု ပေးအပ်မည့် အစီအစဉ်အတွက် ဇာတ်တိုက်လေ့ကျင့်မှုများကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရှိ ရုပ်ရှင်သမိုင်းပြတိုက်တွင် လေ့ကျင့်လျက်ရှိကြောင်း သိရသည်။

 

ဒါရိုက်တာမောင်ဗေဒါ စီစဉ်လျက်ရှိသည့် တစ်သက်တာထူးချွန်ဆု ပေးအပ်မည့် အစီအစဉ်အတွက် အကအဖွဲ့ တွင် ယောင်္ကျားလေး ၆ ဦး၊ မိန်းကလေး ၂၄ ဦး ပါဝင်သော အကအဖွဲ့ ၃၀ ဦးဖြင့် ဇာတ်တိုက် လေ့ကျင့်လျက်ရှိသည်။ အကယ်ဒမီအခမ်းအနားကျင်းပမည့်နေတွင် ယဉ်ကျေးမှုမှ ၁၀ ဦးထပ်မံအားဖြည့်ကာ လူဦးရေ ၄၀ ဦး ဖြင့် တင်ဆက်မည်ဖြစ်ကြောင်း သိရသည်။

 

တစ်သက်တာဆု ချီးမြှောက်မည့် အစီအစဉ်တွင် စည်သူဗိုလ်ကလေးတင့်အောင် ရေးသားသီကုံးခဲ့၍ အဆိုတော် ဦးမင်းနောင်၊ ဒေါ်မာမာအေး သီဆိုခဲ့သောသီချင်းများကို ရန်အောင်နှင့် အဆိုတော်အမျိုးသမီး တစ်ဦးတို့မှ ပြန်လည်သီဆိုမည်ဖြစ်ကြောင်း သိရသည်။

 

တစ်သက်တာဆုချီးမြှင့်ရန် စတင်ကြေငြာစဉ် LED တွင် စည်သူဗိုလ်ကလေးတင့်အောင်၏ လှုပ်ရှားမှုပြကွက်များ ကို ပြသမည်ဖြစ်ပြီး ဆရာကို ချစ်ခင်နှစ်သက်သော အနုပညာနှင့် စာပေ နယ်ပယ်မှ ထင်ရှားသူများဖြစ်သည့် အဆိုတော်ဒေါ်မာမာအေး၊ ဦးမင်းနောင်၊ ဆရာချစ်ဦးညို တို့၏ သုံးသပ်ပြောဆိုမှုများ၊ ချီးမြှောက်စကားများကို ဒါရိုက်တာဝိုင်းမှ စီစဉ်ရိုက်ကူး ပြသမည်ဖြစ်သည်။ ထို့နောက် ပြကွက်ပြီးဆုံးပါက အကအဖွဲ့မှ ပရိသတ် ရင်ထဲရောက်ရှိပြီးသား ဂန္ထဝင်သီချင်းများကို အပိုဒ်လိုက်ဖျော်ဖြေမည်ဖြစ်ပြီး နောက်ဆုံးတွင် အကယ်ဒမီ ရန်အောင်နှင့် အကယ်ဒမီမေသန်းနု တို့မှ စင်မြင့်ပေါ်မှဆင်းလာကာ စည်သူဗိုလ်ကလေး တင့်အောင်ကို သွားရောက်ခေါ်ဆောင်မည် ဖြစ်သည်။ ၄င်းအချိန်တွင် အကအဖွဲ့များ အားလုံးက လမ်းတစ်လျှောက် ဝိုင်းရံထားပြီး စင်ပေါ် အတက်တွင် ပန်းများကျဲမည်ဖြစ်သည်။ ထိုအချိန်တွင် “ပန်းများကို တံတားခင်း၍” သီချင်းကို ဖွင့်ထားမည်ဖြစ်သည်။ စင်မြင့်ပေါ်အရောက်တွင် နိုင်ငံတော်အကြီးအကဲတစ်ဦးမှ စည်သူ ဗိုလ်ကလေးတင့်အောင်ကို တစ်သက်တာဆုချီးမြှင့်မည်ဖြစ်သည်။ ဆုလက်ခံရရှိပြီးပါက စည်သူ ဗိုလ်ကလေး တင့်အောင်မှ ကျေးဇူးတင်စကားပြောကြားပြီး စင်မြင့်ပေါ်မှ ပြန်လည်အဆင်းတွင် “ဒီလိုညများ” ဟူသော သီချင်းလေးဖြင့် အဆုံးသတ်မည်ဖြစ်ကြောင်း သိရသည်။ စည်သူ ဗိုလ်ကလေးတင့်အောင် စင်မြင့်ပေါ်မှ အဆင်းတွင် ပရိသတ်ဘက်ရှိ မီးများကို အမှောင်ချထားမည် ဖြစ်ပြီး လက်ကိုင်ဖုန်းများမှ မီးအလင်းရောင်ဖြင့် ဆရာ့ကို ကြိုဆိုနှုတ်ဆက်ကြရန် ပြင်ဆင် ထားကြောင်း သိရသည်။ 

 

မြန်မာရုပ်ရှင်ထူးချွန်ဆု စီစစ်အကဲဖြတ်အဖွဲ့က ၂၀၁၇ ခုနှစ်အတွက် ဇာတ်ကားပေါင်း ၅၃ ကားမှ ဇကာ တင်  ၁၅ ကားကို ကြည့်ရှုပြီးစီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

သတင်း - ထင်ပေါ်ဝင်း(ကမာရွတ်)၊

ဓာတ်ပုံ - တင်စိုး(မြန်မာ့အလင်း)