မြန်မာ့သမိုင်းအမွေအနှစ် ရန်ကုန်တက္ကသိုလ်

မြန်မာနိုင်ငံ၏ ခေတ်သစ်သမိုင်း၊ နယ်ချဲ့ဆန့်ကျင်ရေးသမိုင်း၊ အမျိုးသား လွတ်လပ်ရေးသမိုင်း၊ ဒီမိုကရေစီတော်လှန်ရေးသမိုင်းတို့တွင် ရန်ကုန် တက္ကသိုလ်က ထိပ်ဆုံးတန်းမှာ ပါဝင်သည်ဆိုခြင်းကို မည်သူမျှ ငြင်းအံ့ မထင်ပါ။

မြန်မာနိုင်ငံ၏ ပညာတတ်များ၊ နိုင်ငံရေးခေါင်းဆောင်များ၊ အမျိုးသားခေါင်းဆောင်များကို ရန်ကုန်တက္ကသိုလ်က မွေးဖွားပေးခဲ့ သည့်အတွက် နှောင်းလူတို့က အမိတက္ကသိုလ်ဟု မိခင်နှင့်နှိုင်းကာ ဂုဏ်ပြု ခေါ်ဆိုကြပါသည်။

အမျိုးသားခေါင်းဆောင်ကြီး ဦးအောင်ဆန်း၊ လွတ်လပ်ရေးရပြီး ခေတ်၏ မြန်မာ့ပထမဆုံး ဝန်ကြီးချုပ် ဦးနုတို့အပါအဝင် မြန်မာ့သမိုင်းထဲ က ထင်ရှားသည့် ခေါင်းဆောင်များဖြစ်ခဲ့သည့် ကိုလှဖေ(ဗိုလ်လကျာ်)၊ သခင်သိန်းဖေ၊ အာဏာရှင် ကိုလှရွှေ၊ သခင်ဗဟိန်း၊ ဗိုလ်အောင်ကျော်၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်း စသူတို့ကို မွေးထုတ်ခဲ့သည့် တက္ကသိုလ်ကြီး ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ နိုင်ငံတော်မျက်နှာဖုံးကြီးများ ဖြစ်ကြသည့် ဆရာကြီး ဦးဖေမောင်တင်၊ ဆရာကြီး ဦးခင်ဇော်(ကေ)၊ ဆရာဇော်ဂျီ၊ ဆရာ မင်းသုဝဏ်၊ ဆရာဦးမျိုးမင်းတို့လို ဆရာများ၊ ဦးတင်ထွဋ်၊ ဒေါက်တာ ထင်အောင်၊ သည်ဘက်ခေတ်တွင် သမိုင်းပညာရှင်ကြီး ဒေါက်တာ သန်းထွန်းတို့လို ပညာတတ်များ၊ သိပ္ပံမောင်ဝ၊ မောင်ထင်၊ လူထုဒေါ်အမာ မှသည် မိုးမိုးအင်းလျားအထိ မြန်မာ့စာပေလောက၏ မီးရှုးတန်ဆောင် စာရေးဆရာကြီးများ စသည်ဖြင့် ရေတွက်မကုန်နိုင်အောင် များပြားလှသည့် ပုဂ္ဂိုလ်ကြီးတို့ သင်ယူသင်ကြား၊ နေထိုင်ခဲ့ကြသည့် သမိုင်းဝင်တက္ကသိုလ်ကြီး ဖြစ်ပါသည်။

သည် တက္ကသိုလ်ပရိဝုဏ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၊ အဓိပတိလမ်း၊ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်၊ ပဲခူးဆောင်၊ သီရိဆောင်၊ မာလာဆောင်၊ အင်းလျားဆောင်၊ အမရဆောင်၊ မန္တလေးဆောင်၊ ဒဂုံဆောင်၊ ကန့်ကော် တော၊ အင်းလျားကန်၊ သစ်ပုတ်ပင်၊ ပုဂံလမ်း၊ သထုံလမ်း၊ စစ်ကိုင်းလမ်း၊ အဆောင်ချင်းဆက် စင်္ကြံများ အစရှိသည့် မှတ်တမ်းဝင် အစုစုတို့ တည်ရှိ နေခြင်းဖြစ်သည့်အတွက် ရန်ကုန်တက္ကသိုလ်အဝန်းအဝိုင်းတစ်ခုလုံးမှာ သမိုင်းဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ၊ မြို့ ပြဆိုင်ရာ အထင်ကရအမွေအနှစ် နယ်မြေကြီးတစ်ခု ဖြစ်ပါသည်။

ခေတ်အဆက်ဆက်က မြန်မာနိုင်ငံတော်အတွက် ကိုလိုနီနယ်ချဲ့ တော်လှန်ရေး၊ အာဏာရှင်ဆန့်ကျင်ရေး၊ ၁၉၇၄၊ ၇၅၊ ၇၆ ဦးသန့်၊ ၁၉၈၈ အရေးတော်ပုံ စသည့် တိုင်းပြည်အရေးအတွက် စွန့်လွှတ်စွန့်စားခဲ့ကြသော ကျောင်းသားထုကြီး၏ တကသ ဟု အမည်တွင်သည့် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ၏ ဘူမိနက်သန်နေရာလည်း ဖြစ်ပါသည်။

မြန်မာ့သမိုင်းအတွက် ဤမျှလောက် အထင်ကရနှင့် အလေးအနက်ပြု စရာ အထိမ်းအမှတ် မှတ်တိုင်များဖြင့် ပြည့်နှက်နေသည့် ဝန်းကျင်တစ်ခု အဖြစ် ယနေ့ထိတိုင် ခမ်းနားကြီးကျယ်စွာ တည်ရှိနေခြင်းကပင် မြန်မာ နိုင်ငံ၏ကျက်သရေဆောင် အမွေအနှစ် ဝန်းကျင်အာဝါသတစ်ခု ဖြစ်ပါသည်။

ဒူးရင်း၊ ဩဇာ၊ မာလကာ၊ မင်းကွတ်၊ မရန်း အစရှိသည့် သီးပင်ကြီးများ၊ ကံ့ကော်၊ ငု၊ ပိတောက်၊ စိန်ပန်း အစရှိသည့် ရောင်စုံပွင့် ပန်းပင်ကြီးများ အပါအဝင် မန်ကျည်းပင်၊ ကုက္ကိုပင် အစရှိသော အပင်ကြီးများဖြင့် အုပ်ဆိုင်းညို့မှိုင်းနေသည့် သစ်တောအုပ်ကြီးသဖွယ် တည်ရှိနေသော လွမ်းမောဖွယ် ပရိဝုဏ်ကြီးလည်း ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ ပထမကျောင်းသားသပိတ်ဖြင့် မတရားသည့် တက္ကသိုလ်ဥပဒေတို့ကို သပိတ်မှောက်တော်လှန်မှုများကြားက ပေါ်ထွန်း လာခဲ့သော တက္ကသိုလ်ကြီးဖြစ်ပြီး ၁၉၂၀ က စတင်ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည့်အတွက် နောင်နှစ်ဆိုလျှင် ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာပြည့် ဖြစ်ပါပြီ။

အနာဂတ်ကို ခိုင်ခိုင်မာမာတည်ထောင်ဖို့ဆိုလျှင် သမိုင်းကို လေးလေးနက်နက် တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်ကြဖို့လိုပါမည်။ သည်လို သမိုင်းဆိုင်ရာ တန်ဖိုးကြီးခမ်းနားလှသည့် အမွေအနှစ် တက္ကသိုလ် ကြီး၏ နှစ်တစ်ရာပြည့်ကို ကြိုဆိုကြရင်း မည်သည်တို့ကို ဦးစားပေး တန်ဖိုး ထားတာ မည်ရွေ့မည်ပုံ ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက် ကြမည်ဆိုသည်ကို အလေးအနက်ထား ပြင်ဆင်စီမံကြရန်လိုပါမည်ဟု နှိုးဆော် တင်ပြလိုက်ရပါကြောင်း။ မြန်မာ့အလင်း