မြန်မာ့သမိုင်းက ပြောပြနေသော မြန်မာ့ရုပ်ရှင်အနုပညာ၏နှစ်တစ်ရာပြည့်ခရီး အပိုင်း(၄)

  အောက်တိုဘာ

ရုပ်ရှင်နှင့် သရုပ်ဆောင်အနုပညာ

သရုပ်ဆောင်အနုပညာသည် အလွန်သိမ်မွေ့ နက်နဲလှသော ပညာတစ်ရပ် ဖြစ်ပါသည်။ သရုပ်ဆောင်ခြင်း အတတ်ပညာကို သဘာဝအမူအရာများအား လေ့လာသုံးသပ်ခွဲခြမ်းစိတ်ဖြာမှုပြုပြီး လေ့လာသင်ယူလျှင် ရနိုင်သည်ဟူသော အယူအဆနှင့် သရုပ်ဆောင်ခြင်းကို ခံစားချက် စိတ်သွင်းပြီး လုပ်ဆောင်မှသာ ရနိုင်သည်ဟူသော အယူအဆနှစ်ရပ် ပေါ်ပေါက်ခဲ့သည်ကို လေ့လာတွေ့ရှိရသည်။ ရုပ်ရှင်အနုပညာရှင်အချို့က သရုပ်ဆောင်ဖြစ်ရန် လေ့ကျင့်သင်ကြားပေး၍ ရနိုင်သည်” (A Star is made) ဟူသော အယူအဆနှင့် သရုပ်ဆောင်ဆိုသည်မှာ သူ့အလိုအလျောက် မွေးဖွား လာသူ” (A Star is born) ဟူသော အယူအဆကို ထပ်မံ ဖော်ထုတ်ခဲ့ကြသည်။

သရုပ်ဆောင်အနုပညာရှင်သည် သရုပ်ဆောင်ချိန်အတွင်း မိမိ၏ မူလစိတ်နေကို ပယ်ဖျောက်ထားကာ ဇာတ်ကောင်၏ စိတ်၊ စရိုက်၊ ဉာဉ်တို့ဝင်နေအောင် စိတ် အာရုံများကို မလွင့်ပါးစေဘဲ မိမိစိတ်ကို စုစည်းအားထည့် ၍ နှစ်မြှုပ်သရုပ်ဆောင်ပါက ထိုသရုပ်ဆောင်ချက်သည် ထူးခြားပြောင်မြောက်နေမည်ဟု မြန်မာ့ရုပ်ရှင် ဝါရင့် ဒါရိုက်တာမင်းသားကြီး အကယ်ဒမီများရှင် ဘဘ အေဝမ်းဦးတင်မောင်က ဖွင့်ဆိုရှင်းပြခဲ့ပါသည်။

စိတ်နှစ်၍ သရုပ်ဆောင်ခြင်းကို “Mood” သွင်း၍ သရုပ်ဆောင်သည်ဟု ဆိုပါသည်။ “Mood” ၏ မူရင်း အဓိပ္ပာယ်မှာ ယာယီစိတ်နေစိတ်ထားဟူ၍ ဖြစ်ပါ သည်။

ရုပ်ရှင်တွင် အသုံးပြုရသော သုခုမအနုပညာ ဖန်တီးမှုစွမ်းရည်မှာ စာလုံးများကို လှုပ်ရှားနေသော အရုပ်များအဖြစ် ပြောင်းလဲဖန်တီးနိုင်သော စွမ်းရည်ပင် ဖြစ်ပါသည်။ ဝတ္ထုရေးဆရာနှင့် ဇာတ်ညွှန်းရေးဆရာ တို့သည် ပရိသတ်ကို စာလုံးများဖြင့် ပြောပြသူများ ဖြစ်ကြသည်။ ရုပ်ရှင်ဒါရိုက်တာမှာ ရုပ်ရှင်ရိုက်ကူး ရေး၏ဘုရင်ဖြစ်သောကြောင့် ပရိသတ်အား သရုပ်ဆောင်များ၏ လှုပ်ရှားနေသောရုပ်ပုံများဖြင့် ပြောပြနေသူပင် ဖြစ်ပါသည်။ တစ်နည်းအားဖြင့် ရုပ်ရှင်သည် စာလုံးအစီအစဉ်များကို လှုပ်ရှားနေသော ရုပ်ပုံအစီအစဉ် ဖြစ်လာအောင်ဖန်တီးခြင်းပင်ဖြစ်ပါသည်။

ရုပ်ရှင်သည် ပရိသတ်၏ သည်းခြေကြိုက် အစာအာဟာရဖြစ်သည်

စာရေးသူတို့၏ အမိမြန်မာပြည်သည် ရှေးဟောင်းယဉ်ကျေးမှု အခြေခံအုတ်မြစ် ခိုင်ခံ့ခဲ့သော နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ ယဉ်ကျေးမှုဆိုရာ၌ လူတို့၏ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု၊ ပန်းဆယ်မျိုးလက်မှုပညာရပ်များ၊ စာပေ၊ ရုပ်ရှင်၊ ဂီတစသည့် ဆိုကရေးတီး သုခုမပညာရပ်များ၊ အတွေးအခေါ်များ၊ ရိုးရာဓလေ့ထုံးစံနှင့် ယုံကြည်မှုများ အပြင် လူနေမှုစနစ်များလည်း ပါဝင်ပါသည်။ ယဉ်ကျေးမှု သည်ပြောင်းလဲလာသော ခေတ်ရေစီးကြောင်းနှင့်အတူ လိုက်ပါလေ့ရှိရာ ကိုယ်ပိုင်ယဉ်ကျေးမှုကို ထိန်းသိမ်းသည့် အနေဖြင့် စာပေနှင့် မှတ်တမ်းတင်ရသည်။ တေးဂီတ၊ ပန်းချီ၊ ပန်းပုအနုပညာဖြင့်လည်း မှတ်တမ်းတင် ထိန်းသိမ်းကြရသည်။

ထိုသို့ ကာကွယ်ထိန်းသိမ်းကြရသည့် အနုပညာအမျိုး အစားထဲတွင် ရုပ်ရှင်အနုပညာသည် အထိရောက်ဆုံး ဖြစ်ပါသည်။ မြန်မာ့ရုပ်ရှင်သည် ကမ္ဘာ့ရုပ်ရှင်သက်တမ်း ထက် ၃၁ နှစ် နောက်ကျခဲ့သော်လည်း မြန်မာ့လွတ်လပ် ရေးကြိုးပမ်းမှုနှင့်အတူ ပေါ်ပေါက်လာသော သမိုင်းဖြစ်ရပ်ကို ဖော်ဆောင်နိုင်ခဲ့သဖြင့် ပို၍ဂုဏ်ယူ မော်ကွန်းတင်စရာ ဖြစ်ပါသည်။ တကယ်တော့ ရုပ်ရှင်သည် အခြားသော ဖျော်ဖြေမှုများထက် အနုပညာဆွဲအား ပိုမိုကောင်းသည့် အတွက် တိုင်းပြည်အကျိုးပြုလုပ်ငန်းများ၌လည်း ပိုမို ထိရောက်စေပြီး ကျေးလက်ရော မြို့ပြပါမကျန် ထိုးဖောက် ဝင်ရောက်လွှမ်းမိုးနိုင်သောစွမ်းအားရှိသည့် စိတ်ဓာတ် စစ်ဆင်ရေးလက်နက်ကောင်းကြီးတစ်ခုပင် ဖြစ်ပါသည်။ သာဓကအားဖြင့် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး ဖဆပလ အစိုးရလက်ထက်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ အဖျက် လုပ်ငန်းများကျဆုံးရေးကို ဦးတည်သရုပ်ဖော်ရိုက်ကူး တင်ဆက်ခဲ့သော ထိုစဉ်က ဝန်ကြီးချုပ် ဦးနု စီစဉ်ခဲ့သည့် လူထုအောင်သံရုပ်ရှင်ဇာတ်ကားကြီးမှာ အမျိုးသား နိုင်ငံရေးဆိုင်ရာ အကျိုးပြုရုပ်ရှင်ဇာတ်ကားကြီးအဖြစ် သမိုင်းဝင်မှတ်တမ်းတင်ခံခဲ့ရသည်ကို ကြည့်ခြင်းအားဖြင့် သိနိုင်မည်ဖြစ်ပါသည်။

 

mal 14.10+

မြန်မာ့ရုပ်ရှင်၏ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်

မြန်မာ့ရုပ်ရှင်၏ အနုပညာခရီးရှည်ကြီးကို ပိုင်းခြားကြည့်မည်ဆိုလျှင် -

(၁) မြန်မာ့ရုပ်ရှင်ငွေရတုသဘင်ကာလ (၁၉၂၀ ပြည့်နှစ် မှ ၁၉၄၅ ခုနှစ်အထိ)

(၂) မြန်မာ့ရုပ်ရှင်ရွှေရတုသဘင်ကာလ (၁၉၄၆ ခုနှစ်မှ ၁၉၇၀ ပြည့်နှစ်အထိ)

(၃) မြန်မာ့ရုပ်ရှင်စိန်ရတုသဘင်ကာလ (၁၉၇၁ ခုနှစ်မှ ၁၉၉၅ ခုနှစ်အထိ)

(၄) မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့်ကာလ (၁၉၉၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ)

(၅) နှစ် ၁၀၀ ပြည့်အလွန် မြန်မာ့ရုပ်ရှင်အနာဂတ်ကာလ ဟူ၍ ခွဲခြားနိုင်ပါသည်။

မြန်မာ့ရုပ်ရှင်ငွေရတုကာလတွင် ၁၉၂၀ ပြည့်နှစ်မှ ၁၉၃၀ ပြည့်နှစ်အထိ ၁၀ နှစ် ကာလအတွင်းမှာပင် အသံတိတ်စာတန်းထိုး ရုပ်ရှင်ဇာတ်ကားပေါင်း ၂၀၀ ကျော်ကို ရိုက်ကူးထုတ်လုပ်ပြသနိုင်ခဲ့သည်။ ၁၉၂၀ ပြည့်နှစ်မှ ၁၉၄၁ ခုနှစ်အထိ ၂၁ နှစ်အတွင်း ရုပ်ရှင်ကုမ္ပဏီပေါင်း ၁၀၀ ကျော်မှ ရိုက်ကူးထုတ်လုပ်ပြသခဲ့ကြသော ရုပ်ရှင်ဇာတ်ကားပေါင်း ၆၉၈ ကားရှိခဲ့ရာ အသံတိတ်ရုပ်ရှင်ကား ၆၃၂ ကား၊ အသံထွက်ရုပ်ရှင်ကား ၅၅ ကား၊ သံစုံသွင်းရုပ်ရှင်ကား ခုနစ်ကား၊ ကာတွန်းလေးကား ပါဝင်ခဲ့သည်ကို တွေ့ရသည်။

ထိုအချိန်၊ ထိုအခါက ဗြိတိသျှဘားမားရုပ်ရှင် ကုမ္ပဏီက အသံတိတ်ရုပ်ရှင် ၁၉၆ ကား၊ အသံထွက် ရုပ်ရှင် ၃၈ ကား ထုတ်လုပ်ခဲ့ပြီး မြန်မာအဆွေ (အေဝမ်း)ရုပ်ရှင်ကုမ္ပဏီက အသံတိတ်ရုပ်ရှင်ကား ၇၀၊ အသံထွက်ရုပ်ရှင် ၂၂ ကား ရိုက်ကူးထုတ်လုပ်ပြသခဲ့သည်။ ထိုရုပ်ရှင်ကားများ၏ ဇာတ်လမ်းအမျိုးအစား များမှာ နိပါတ်၊ ပုံပြင်၊ ရာဇဝင်၊ သိုက်၊ သမိုင်း ၄၀ ရာခိုင် နှုန်း၊ အချစ်နှင့်အိမ်ထောင်ရေး ၃၀ ရာခိုင်နှုန်း၊ စတန့် ဇာတ်ကြမ်း ၂၀ ရာခိုင်နှုန်း၊ ဟာသ ၁၀ ရာခိုင်နှုန်း ပါဝင်ခဲ့ သည်ဟု လေ့လာသိရှိရသည်။

မြန်မာ့ရုပ်ရှင်ငွေရတုကာလသည် အင်္ဂလိပ်နယ်ချဲ့ အစိုးရ၏ ကိုလိုနီအုပ်ချုပ်ရေးကာလဖြစ်သောကြောင့် မြန်မာရုပ်ရှင်ဒါရိုက်တာအများစုသည် တိုင်းချစ်ပြည် ချစ်စိတ်၊ သူ့ကျွန်မခံလိုစိတ်၊ မျိုးချစ်စိတ်တို့နှင့်အတူ မြန်မာပြည်သူပရိသတ်များအမျိုးသားရေး ဝံသာနုရက္ခိတ တရားထွန်းကားရေး၊ မျိုးချစ်စိတ်ဓာတ်ထက်သန် လာရေး၊ ပြည်ထောင်စုစိတ်ဓာတ် ပြန့်ပွားရေးတို့ကို လှုံ့ဆော်သောရုပ်ရှင်ကားများကို ရိုက်ကူးထုတ်လုပ်ခဲ့ကြ သည်။ သာဓကအားဖြင့် ကိုလိုနီပညာရေးစနစ်ကို ဆန့်ကျင်ကန့်ကွက်သော ရန်ကုန်တက္ကသိုလ် သပိတ် ပါဝင်သည့် ရုပ်ရှင်ကားမျိုး၊ အလောင်းအစားဖြင့် စီးပွား ရေးချွတ်ခြုံကျရပုံနှင့်ပတ်သက်သည့် ၃၆ ကောင်အမည်ရှိ လူမှုပြုပြင်ရေးပညာပေးရုပ်ရှင် ဇာတ်ကားမျိုး၊ အောင်သပြေ၊ ဒို့ဒေါင်းလံကဲ့သို့ ဇာတိသွေး၊ ဇာတိမာန် တက်ကြွရေးကို ရှေးရှုသော ရုပ်ရှင်ကားမျိုး၊ ဗိုလ်အောင်ဒင်၊ တောပုန်းကြီးစံဖဲ ကဲ့သို့သော ကိုလိုနီအုပ်ချုပ်ရေး ယန္တရားကို ရှုတ်ချသော ရုပ်ရှင်ကားမျိုးကို ရိုက်ကူး ထုတ်လုပ်ခဲ့ကြသည်မှာ ဂုဏ်ယူစံထားဖွယ်ဖြစ်ပါသည်။ မြန်မာ့ရုပ်ရှင်စတင်ခဲ့သည့် ၁၉၂၀ ပြည့်နှစ်မှစ၍ ပုလိပ် မင်းကြီး ဥက္ကဋ္ဌအဖြစ်ပါဝင်ခဲ့သော အင်္ဂလိပ်နယ်ချဲ့ အာဏာပိုင် ရုပ်ရှင်ဆင်ဆာအဖွဲ့ကလည်း အမျိုးသားရေး နှင့် နယ်ချဲ့ဆန့်ကျင်ရေးကို ဦးတည်ရိုက်ကူးထုတ်လုပ် ကြသည့် မြန်မာ့ရုပ်ရှင်ကားများကို ပိတ်ပင်ပြီး အချို့ကို ဖြတ်တောက်ပစ်ခဲ့ကြသည်။

ထိုအခြေအနေများကြားထဲမှ မြန်မာ့ရုပ်ရှင် အနုပညာရှင်များက ရိုက်ကူးထုတ်လုပ်ခဲ့ကြရာ ၁၉၂၃ ခုနှစ်တွင် မြန်မာအဆွေကုမ္ပဏီက ရိုက်ကူးထုတ်လုပ် သော ဆုထူးပန်အမည်ရှိ ရုပ်ရှင်ကားကို အင်္ဂလန်သို့ ပထမဦးဆုံး တင်ပို့ပြသနိုင်ခဲ့သည်အထိ အောင်မြင်ခဲ့ပါသည်။

ထိုကာလ၌ ဝေဘူစံအမည်ရှိ အသံတိတ် ရုပ်ရှင်ဇာတ် ကားတွင် သရုပ်ဆောင် မင်းသားကို ကိုးကိုယ်ခွဲ၍ ရိုက်ကူးပြသနိုင်ခဲ့သည်။ မြန်မာ့ရုပ်ရှင် စိန်ရတုသဘင်ကာလ ပတ်ဝန်းကျင်တွင် မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသခဲ့သော (A Journey To the West) “မျောက်မင်းဝူခုန်းဇာတ်လမ်းတွဲ၌ တန်ခိုးရှင် မျောက်မင်းဝူခုန်းက မြေပြင်မှ ခုန်ပျံကျော်လွှားကာ ကောင်းကင်သို့ တက်သွားပုံများကို အထူးအဆန်းအံ့ဩ ဖွယ်ဖြစ်အောင် ရိုက်ကူးခဲ့သဖြင့် လူကြိုက်များခဲ့သည်။ သို့ရာတွင် ထိုရိုက်ကွက်များကို မြန်မာ့ရုပ်ရှင်ငွေရတု ခေတ်ဦးကာလကတည်းကပင် လွန်ခဲ့သည့် နှစ်ပေါင်း ၇၀ ကျော်က ရာဇဝင်၊ သိုက်သမိုင်းရုပ်ရှင်ကားများ၌ ဖော်ပြပါရှိခဲ့ပြီး ဖြစ်ပါသည်။ ထို့ကြောင့် ၁၉၃၁ ခုနှစ်တွင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော အမေရိကန်ဟောလိဝုဒ်မှ ကမ္ဘာကျော်ဒါရိုက်တာ မင်းသားကြီး ဒေါက်တာ အလပ်စ် ဖဲယားဘင်းအဖွဲ့က မြန်မာ့ရုပ်ရှင်ငွေရတုကာလ ရိုက်ကူးထုတ်လုပ်ခဲ့သော ရုပ်ရှင်ဇာတ်ကားများကို ဂုဏ်ပြုချီးကျူးခဲ့ခြင်းပင် ဖြစ်သည်။ ၁၉၄၆ ခုနှစ် မြန်မာ့ရုပ်ရှင် ရွှေရတုကာလရောက်သောအခါ ၁၉၇၀ ပြည့်နှစ်မတိုင်မီအထိ ရုပ်ရှင်ဇာတ်ကားပေါင်း ၈၁၂ ကားထုတ်လုပ်ခဲ့ပြီး အသံထွက်ကား ၄၅၀၊ အသံတိတ် ၃၄၁ ကား၊ သံစုံသွင်းရုပ်ရှင်ကား ၂၁ ကား ပါဝင်ခဲ့သည်ကို တွေ့ရှိရသည်။

ဤနေရာတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ရှင်အနုပညာအပေါ် သဘောထားကို တင်ပြလိုပါသည်။

ဗိုလ်ချုပ်သည် ရုပ်ရှင်ဇာတ်ကားများကို ရွေးချယ်၍ ကြည့်တတ်၏။ ဗရုတ်ဗရက် သရုပ်ပျက်ဇာတ်ကားများ၊ လူမျိုးတစ်မျိုးအား နှိမ့်ချသောဇာတ်ကားများကို ဘယ်တော့မှမကြည့်၊ နက်နဲသိမ်မွေ့၍ စိတ်ပညာနှင့် ပတ်သက်သော ဇာတ်ကား၊ အချစ်နှင့် အိမ်ထောင်ရေး ဇာတ်ကားများပင်ဖြစ်စေ ဇာတ်အိမ်ခိုင်ခံ့၍ အကျိုးပြု နိုင်သည့် ဇာတ်ကားများ ၊ ရာဇဝင်သမိုင်းကို ကျောရိုးခံ ထားသော ဇာတ်ကားများကို နှစ်သက်၏။

မင်းသားကြီး ကလပ်ဂေဘယ်လ်ဦးဆောင် ပါဝင်သော Gone with the Wind, Waterloo Bridge, The Good Earth, For whom the Ball Tolls အမည်ရှိ ရုပ်ရှင်ဇာတ်ကားများကို နှစ်ခြိုက်ခဲ့ပြီး “For whom the Ball Tolls” ဇာတ်ကားမှာ စပိန်ပြည်တွင်းစစ်ကြီးကို နောက်ခံထား၍ ရိုက်ကူးခဲ့သော ရုပ်ရှင်ဖြစ်၍ ဗိုလ်ချုပ် အနှစ်ခြိုက်ဆုံး ရုပ်ရှင်ကားဖြစ်သည်ဟု သိရသည်။ ဗိုလ်ချုပ်သည် ဟာသရုပ်ရှင်ကားများကို ကြည့်ရှုလေ့ရှိ သော်လည်း ပရိသတ်ကို ကလိထိုး၍ အတင်းရယ်ခိုင်း စေသောဟာသများကို လုံးဝမကြိုက်ပေ။ ထို့ကြောင့် ဟာသနှင့် ပတ်သက်၍ ၁၉၄၆ ခုနှစ် ဖေဖော်ဝါရီလထုတ် ဇဝနဂျာနယ်၌ ဗိုလ်ချုပ်က ဟာသပညာသည် လူမျိုး တစ်မျိုး၏ဘဝတွင် အရေးပါအရာရောက်သော ပညာရပ် တစ်ခု ဖြစ်သည်။ သို့သော်ဟာသအစစ်နှင့် အတုကိုခွဲခြား ရန်လိုသည်။ ဇာတ်ပွဲများတွင် ပါဝင်သော လူရွှင်တော်များ၏ ပြက်လုံးများသည် အခါခပ်သိမ်း ဟာသပညာ မဟုတ်ပေ။ ကျွန်တော် နားလည်သော ဟာသပညာကား လောကီ လူ့ဘဝ၊ လူ့ဇာတ်ခုံတွင် ရှေ့နောက်မညီ အဆင်မပြေသော အချက်အလက်များကို ထုတ်ဖော်၍ ရှင်လူအပေါင်းတို့အား ရယ်စရာသဘောမြင်စေရမည်စသည်ဖြင့် အမှာစာရေးသားခဲ့သည်ကို လေ့လာတွေ့ရှိရသည်။ ဗိုလ်ချုပ်၏ ဟာသရုပ်ရှင်ဆိုင်ရာ ရှုမြင်သုံးသပ်ချက်မှာ ယနေ့ရုပ်ရှင် ဒါရိုက်တာများ၊ ဟာသသရုပ်ဆောင်များအတွက် ခံယူလိုက်နာဖွယ် ဩဝါဒဖြစ်သည်ဟု ထင်မြင်ပါသည်။

 

mal 14.10+

မြန်မာ့ရုပ်ရှင် စိန်ရတုကာလတွင် အထူးခြားဆုံး ဂုဏ်ပြုချီးမြှင့်ခြင်းခံခဲ့ရသည့် ရုပ်ရှင်မှာ ၁၉၈၃ ခုနှစ်၌ ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကြီးတွင် ဆရာဦးသုခ၏ ရွှေခြည်ငွေခြည် တန်းပါလို့ဇာတ်ကားပင်ဖြစ်ပါသည်။ ထိုဇာတ်ကားကို နိုင်ငံတကာမှ ဝါရင့်ရုပ်ရှင်အနုပညာရှင်ကြီးများက ရွှေခြည်ငွေခြည် တန်းပါလို့ဟူသော မြန်မာရုပ်ရှင် ဇာတ်ကားမှာ မြန်မာပီသပြီး မြန်မာ့ယဉ်ကျေးမှုဓလေ့ စရိုက်များကို ပေါ်လွင်အောင် အပြည့်အဝဖော်ဆောင်နိုင် ကြောင်း၊ သရုပ်ဆောင်များသည် မလိုအပ်ဘဲ ဘောင်းဘီ မဝတ်ကြောင်း၊ ချစ်မေတ္တာကိုပြသရာတွင်လည်း မောင်ချစ် နှမချစ်၊ မိဘနှင့် သားသမီးအချစ်ကို နက်ရှိုင်းစွာ ဖော်ကျူးပြသနိုင်ကြောင်း၊ သမီးရည်းစားအချစ်၊ လင်မယားအချစ် တို့ကို နူးညံ့သိမ်မွေ့စွာ ပြသနိုင်ကြောင်း၊ ယခုရုပ်ရှင်ပွဲတော်၌ ပြသသော အချစ်ဇာတ်ကားများသည် များသောအားဖြင့် အဖက်အနမ်း အရှုံ့များ လွန်ကဲ နေသည်ကို တွေ့ရပြီး လိင်(sex)ကို ဦးတည်သော နှုတ်ခမ်းချင်းအနမ်းပြကွက်များကိုသာ ဦးစားပေး ရိုက်ကူးထားကြောင်း၊ ဤမြန်မာ ရုပ်ရှင်ဇာတ်ကားတွင် ထိုပြကွက်များမပါရှိဘဲ အချစ်ကို နူးညံ့သိမ်မွေ့စွာ ရိုက်ကူးပြသထားကြောင်း၊ မိဘကို ရိုသေခြင်း၊ သားသမီးများက ကန်တော့ခြင်း၊ စစ်ထွက်ခါနီး ကန်တော့ခြင်း၊ ဘုရားစင်နှင့် ဗုဒ္ဓရုပ်ပွားတော်များ၊ စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများကို အံဝင်ခွင်ကျ ပါဝင်အောင် ရိုက်ကူးနိုင်ကြောင်း စသည်ဖြင့် ရေးသားဂုဏ်ပြုမှတ်တမ်းတင်ခဲ့သည်ကို ဂုဏ်ယူဝမ်းမြောက်ဖွယ် တွေ့ရှိခဲ့ရ ပါသည်။

မြန်မာရုပ်ရှင် ငွေရတုခေတ်မှသည် ရာပြည့်နှစ်အထိ ရုပ်ရှင်အနုပညာရှင်များက ရုပ်ရှင်အနုပညာကို လက်ဆင့် ကမ်းသယ်ယူလာခဲ့သည့် ကြိုးပမ်းဆောင်ရွက်မှုများကို ဂုဏ်ယူမော်ကွန်းတင်ပြရမည်ဖြစ်ပါသည်။ မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့်ကာလအထိ ခေတ်အလိုက်၊ နှစ်အလိုက် ပေါ်ထွက်ခဲ့သော ရုပ်ရှင်ဇာတ်ကားများနှင့် စပ်လျဉ်း၍ ရေးမည်ဆိုပါက ဆောင်းပါးစာမျက်နှာကိုငဲ့၍ သံခိပ်သဘောဖြင့် အကျဉ်းဥဒ္ဒေသမျှသာရေးရပြီး အကျယ်ဝိတ္ထာရရေးမည် ဆိုပါက ကျမ်းကြီးကျမ်းငယ် အသွယ်သွယ်ဖြစ်လာပါမည်။ အခြေအနေပေးမည်ဆိုပါက ရုပ်ရှင်အနုပညာရှင်၊ အတတ်ပညာရှင်များနှင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကြီးက ဦးဆောင်၍ မြန်မာ့ရုပ်ရှင် သမိုင်းကို မျိုးဆက်သစ် ရုပ်ရှင်အနုပညာရှင်များနှင့် လေ့လာသူများအတွက် ရည်ညွှန်းကိုးကားရမည့် ကျမ်းကြီးတစ်အုပ် သို့မဟုတ် ကျမ်းငယ် အသွယ်သွယ်တို့ အချိန်ယူ ဝိုင်းဝန်းပြုစုစေလိုပါသည်။

ယခုလည်း ခေတ်အဆက်ဆက်ပြသခဲ့သော မြန်မာ့ရုပ်ရှင်ဇာတ်ကားများကို အချိန်ယူ စုဆောင်းပြသပေးခြင်း၊ ရုပ်ရှင်တေးသီချင်းများကို တေးသံရှင်အသီးသီးက ဂုဏ်ပြုသီဆိုခြင်း၊ ရုပ်ရှင်ပညာရှင်များနှင့် တွေ့ဆုံမေးမြန်း ခန်းများ ပြုလုပ်ပြီး မှတ်တမ်းတင်ကာ ပြသခြင်း၊ ရုပ်ရှင်ပဟေဠိ အမေးအဖြေပွဲများ ကျင်းပခြင်း၊ ရုပ်ရှင်ဆိုင်ရာ စာပေ ပြိုင်ပွဲကျင်းပခြင်း၊ ရုပ်ရှင် စာတမ်းဖတ်ပွဲကျင်းပရန် စီစဉ် ခြင်းတို့မှာ အထူးဂုဏ်ယူစရာ ဖြစ်ပါသည်။

ယနေ့ခေတ်တွင် ဒစ်ဂျစ်တယ်” (Digital) စနစ်ကြောင့် ဂန္ထဝင်ရုပ်ရှင် ဇာတ်ကားများကို မပျက်စီး၊ မယိုယွင်းအောင် ထိန်းသိမ်းမှတ်တမ်းတင်ထားနိုင်ပြီ ဖြစ်ပါသည်။ ရုပ်ရှင်စတူဒီယိုကြီး ဆောက်လုပ်ရန် မြေနေရာလည်း ရှိနေပြီဖြစ်သည်။ ရုပ်ရှင်ရိုက်ကူးရေးကဏ္ဍတွင်လည်း တိုးတက်လာသော ကွန်ပျူတာ သိပ္ပံပညာရပ်များကြောင့် အထူး ပြုလုပ်ချက်ဟူသော ကင်မရာအထူးပြုလုပ်ချက်အသံအထူးပြုလုပ်ချက်များဖြင့် ရိုက်ကူးနိုင်ကြပြီ ဖြစ်ပါသည်။

ရုပ်ရှင်သည် ပြည်သူကိုအလင်းရောင်ပေးသည်၊ လမ်းပြပေးသည်။ ရုပ်ရှင်၏ လမ်းညွှန်ရာဆီသို့ ပရိသတ်အချို့ အထူးသဖြင့် ဆယ်ကျော်သက်အရွယ် လူငယ်များက လိုက်ပါသွားတတ်ကြသည်။ ရုပ်ရှင်သရုပ်ဆောင်များ၏ ဝတ်စားဆင်ယင်မှုများ၊ အမူအရာဟန်ပန်အနေအထား တို့ကိုလည်း အတုခိုးတတ်ကြသည်။ ထို့ကြောင့် မျိုးဆက် သစ်များအတွက် ကောင်းသော လမ်းညွှန်မှုများ ပြသရန် လိုအပ်လှသည်။

မြန်မာ့ရုပ်ရှင်ဖခင်ကြီး ဦးအုန်းမောင်က ရုပ်ရှင်သရုပ်ဆောင်များ၊ ဇာတ်ညွှန်း၊ ဒါရိုက်တာများနှင့် ပတ်သက်၍ နိမ့်နေတုန်းမှာ ဘာမှမကြောက်နှင့်၊ နာမည်ရလာပြီး မြင့်လာရင်တော့ ကြောက်ကြပါ။ ရုပ်ရှင်ညီအစ်ကို မောင်နှမများသည် ရရှိနေတဲ့အဆင့်နေရာမှ နိမ့်ကျ မသွားဖို့၊ ရောက်ရှိ နေတဲ့နေရာမှာလည်း ရပ်တန့်မနေဘဲ ဆက်လက်ကြိုးစားကြဖို့၊ အနုပညာလမ်းခုလတ်မှာ ခါးဆက်မပြတ်ကြဖို့၊ ရုပ်ရှင်အနုပညာရှင်၊ ထုတ်လုပ် သူများက ထမင်းရှင်ဖြစ်ကြတဲ့ ပြည်သူပရိသတ်ကို လေးစားနေဖို့၊ အရေးကြီးတာကို မမေ့ကြပါနှင့်ဟူသော ဩဝါဒကထာသည် ရုပ်ရှင်လောကသားများအတွက် ဦးထိပ်ပန်ဆင်လိုက်နာဖွယ် လမ်းညွှန်ချက်ပင် ဖြစ်ပါ သည်။

မြန်မာ့ရုပ်ရှင်အနုပညာရှင်၊ အတတ်ပညာရှင်များ နှင့် ထုတ်လုပ်သူများ ပူးပေါင်းလက်တွဲပြီး တက်ညီ လက်ညီ ကြိုးပမ်းခြင်းဖြင့် မြန်မာ့ရုပ်ရှင်၊ မြန်မာ့ရုပ်မြင် ဇာတ်လမ်းတွဲများသည် မြန်မာ့ယဉ်ကျေးမှုကို ကိုယ်စားပြုကာ ကမ္ဘာ့ ရုပ်ရှင်၊ ရုပ်မြင်ပရဝဏ်ထဲသို့ပါ ထိုးဖောက် နိုင်မည်ဖြစ်ကာ မြန်မာ့ရုပ်ရှင်၏ အနာဂတ်သည်လည်း ရေမြင့် ကြာတင့်သကဲ့သို့ ရှိလာမည် ဖြစ်ပါကြောင်း ရေးသားဂုဏ်ပြုတင်ပြ လိုက်ရပါသည်။

စန်းနီလာဝင်း

အကိုးအထောက်

၁။ ကျွန်ုပ်နှင့် မြန်မာ့ရုပ်ရှင်လောက(ဒဂုဏ်ပ ဦးဘတင်၊ စာပေဗိမာန်)

၂။ ဒါရိုက်တာဦးပြည့်စုံ၊ ဒါရိုက်တာအကယ်ဒမီ ဦးထွန်းလှိုင်၊ ဒါရိုက်တာဦးမြင့်‌အောင်၊ ဒါရိုက် တာ အကယ်ဒမီများရှင် မောင်ဝဏ္ဏ၊ ဒါရိုက်တာ အကယ်ဒမီများရှင် ဦးကြည်စိုးထွန်း၊ ဒါရိုက် တာ အကယ်ဒမီများရှင် ပန်းချီစိုးမိုးတို့နှင့် ဆွေးနွေးပြောဆိုချက်များ။

၃။ မြန်မာ့ရုပ်ရှင်စိန်ရတုသဘင်စာတမ်းများ(မြဝတီစာပေတိုက်)

၄။ စစ်ပြီးခေတ် မြန်မာ့ရုပ်ရှင်ဒါရိုက်တာအချို့၏ အနုပညာလက်ရာကို ရသပညာရှုထောင့်မှ လေ့လာဆန်းစစ်ချက် (မခင်ဖြူနု မဟာဝိဇ္ဇာ၊ ဒဿနိကဗေဒ၊ ရန်ကုန် တက္ကသိုလ်)

၅။ List of Burmese Film (Wikipedia)