မြန်မာ့သနပ်ခါး ပါဝင်သည်ဟုဆိုကာ ပြည်တွင်းသို့တင်သွင်းလာသည့် အလှကုန်ပစ္စည်းများအား ဓာတ်ခွဲစမ်းသပ်စစ်ဆေးသွားမည်

မြန်မာ့သနပ်ခါးစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ ပြည်တွင်းသို့ သနပ်ခါးပါဝင်သည် ဟုဆိုကာ တင်သွင်းလာသည့် အလှကုန်ပစ္စည်းများ၏ သနပ်ခါးပါဝင်လာမှု အခြေအနေများကို လက်တွေ့ကျကျ ဓာတ်ခွဲစမ်းသပ်၍ စစ်ဆေးသွားမည်ဖြစ်ကြောင်း အဆိုပါ အသင်းဥက္ကဋ္ဌ ဦးကျော်မိုးက ပြောကြားသည်။

 

 ‘လက်ရှိမှာ ကျွန်တော်တို့ ပြည်တွင်းကို သနပ်ခါးတုံးနဲ့ ကျောက်ပြင်ပုံလေးဖော်ပြပြီး မြန်မာ့သနပ်ခါးဆိုတဲ့ ခေါင်းစဉ်တပ်ပြီးတော့ အလှကုန်အမျိုးမျိုး ဝင်ရောက်လုပ်စားနေကြတာ တော်တော်များပါတယ်။ ဒါကြောင့် ကျွန်တော်တို့အသင်းက မြန်မာ့သနပ်ခါးကို ချစ်ခင်နှစ်သက်စွာ သုံးစွဲသူတွေဘက်က ရပ်တည်ပြီး မှန်မှန်ကန်ကန်ဖြစ်ဖို့အတွက် သေချာစိစစ်ပြီး ကာကွယ်ပေးမှာပါ။ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်ဖြစ်တဲ့ ပုဂံဒေသကြီး မပျောက်ကွယ်ဖို့ အရေးကြီးသလို မြန်မာ့အပူပိုင်းဒေသကြီးရဲ့ ရတနာလို့ သတ်မှတ်နိုင်တဲ့ သနပ်ခါးယဉ်ကျေးမှုကိုလည်း ဆက်လက်ရှင်သန်အောင် ထိန်းသိမ်းဖို့ လိုအပ်ပါတယ်’ ဟု ၎င်းက ပြောသည်။

 

ထို့ပြင် မြန်မာ့သနပ်ခါးဈေးကွက် မြင့်မားလာစေရန် ပြည်ပမှတရားဝင် ဝယ်ယူထားခြင်းမရှိသည့် မြန်မာ့သနပ်ခါး ကုန်ကြမ်းရောင်းဝယ်မှုများကိုလည်း စီးပွားကူးသန်းရောင်းဝယ်ရေးဦးစီးဌာနနှင့် မြန်မာ့သနပ်ခါး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းတို့ ပူးပေါင်း၍ ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

လက်ရှိတွင် ဆွစ်စလန်နိုင်ငံ NGO အဖွဲ့အစည်း တစ်ခုဖြစ်သည့် Helvetas Myanmar မှ မြန်မာ့သနပ်ခါး ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ငါးသောင်း ပံ့ပိုးကူညီသွားရန် လျာထားသည့်အပြင် မြန်မာ့သနပ်ခါး စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း၏ လုပ်ငန်းစဉ်များတွင် လည်း ကူညီလုပ်ဆောင်ပေးသွားရန် ဒီဇင်ဘာ၃ ရက်နေ့က နာလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

 

အဆိုပါ နာလည်မှုစာချွန်လွှာတွင် Helvetas Myanmar အဖွဲ့မှ သနပ်ခါးအား ဇီဝထုတ်ကုန် ဖြစ်နိုင်ချေ လေ့လာခြင်း၊ ပို့ကုန်ဈေးကွက် စမ်းစစ်အတည်ပြုခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြီး ဇီဝထုတ်ကုန်အဖြစ် ရွေးချယ်ခြင်း၊ သနပ်ခါး ကုမ္ပဏီများအား စင်ကာပူကုန်စည်ပြပွဲများတွင် လေ့လာခြင်းနှင့် အင်္ဂလန်အလှကုန် ကုမ္ပဏီများဖြင့် ချိတ်ဆက်ပေးခြင်း၊ စီးပွားရေးစီမံခန့်ခွဲမှု သင်တန်းများ လုပ်ဆောင်ပေးခြင်း၊ မြေဆီလွှာ ထိန်းသိမ်းနည်းသင်တန်းများ ပံ့ပိုးပေးခြင်း၊ သနပ်ခါးအဓိက စိုက်ပျိုးသည့် ငါးမြို့နယ်သို့ ကွင်းဆင်း လေ့လာခြင်း၊ သနပ်ခါးမျိုးဗီဇနှင့် ရိုးရာအသိပညာ ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် မြန်မာ့သနပ်ခါးကို နိုင်ငံတကာ ဈေးကွက်သို့ တင်ပြခြင်းများကို လုပ်ဆောင်ပေးသွားမည့် အစီအစဉ်များပါဝင်ကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)