မြန်မာသရဲကား "The NAKED GHOST" ရုပ်ရှင်က နိုင်ငံတကာရုပ်ရှင်ဆု သုံးဆု ဆွတ်ခူး

ကိုလင်း
 

ယခုနှစ် ဇန်နဝါရီလအတွင်းက ကျင်းပခဲ့သော နိုင်ငံတကာ ရုပ်ရှင်ပွဲတော်များအနက် ဘူတန်နိုင်ငံ၌ ကျင်းပသော Druk International Film Festival နှင့် အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ကျင်းပခဲ့သော New York Film Festival တို့တွင် ၂၀၁၈ ခုနှစ်က ပြသခဲ့သော မြန်မာသရဲကားဖြစ်သည့် The NAKED GHOST ရုပ်ရှင်ဇာတ်ကားက ဆုသုံးဆု ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။


"ကျွန်တော်တို့ဇာတ်ကားက လောလောဆယ် နိုင်ငံတကာရုပ်ရှင်ဆု သုံးဆု ဆွတ်ခူးရရှိထားတာပါ။ ကျွန်တော်တို့က ဖေဖော်ဝါရီလကတည်းက ဆုရတာကို သိရပါတယ်။ ကိုဗစ်-၁၉ ဖြစ်နေတဲ့အချိန်မို့ လူတိုင်းက စိတ်ညစ်နေတဲ့အတွက် ဒီဆုရတဲ့အကြောင်းကို မတင်ဖြစ်တာပါ။ ကျန်တဲ့ ဆုတွေကတော့ မသိရသေးပါဘူး။ ကိုဗစ်ကာလမို့ ဒီပွဲတော်ကို ရက်တွေနောက်ရွှေ့သွားတယ်လို့ သိရတယ်။ ဒီဇာတ်ကားက သရဲကားတွေထဲမှာမှ ဇာတ်လမ်းဇာတ်အိမ်ရှိတဲ့ သရဲကားလို့ ပြောလို့ရပါတယ်။ မင်းသမီးအဓိကဇာတ်ပါ၊ ပထမ ထွန်းထွန်းရဲ့ ကာရိုက်တာ နေရာကို ကျွန်တော်တို့ ပြောင်းရိုက်ထားတာလည်း ပါပါတယ်"ဟု သရုပ်ဆောင် ငြိမ်းချမ်းကျော်က ပြောသည်။


The NAKED GHOST ရုပ်ရှင်ဇာတ်ကားက နိုင်ငံတကာ ရုပ်ရှင်ပွဲတော်များတွင် ရရှိခဲ့သော ဆုသုံးခုမှာ ဘူတန်နိုင်ငံမှ Druk International Film Festival တွင် Best Horror/Sci-Fi/Genre Film Award ဆုနှင့် နယူးယောက်မြို့၌ကျင်းပသည့် New York Film Festival တွင် Best Actor Award ဆု(ငြိမ်းချမ်းကျော်)နှင့် Honorable Mention(Sound Design)Award ဆု(Corey Zeya) တို့က ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


အဆိုပါ ဇာတ်ကားကို Media 5 ရုပ်ရှင်ထုတ်လုပ်ရေးမှ ရိုက်ကူးထုတ်လုပ်ပြီး ဒါရိုက်တာ အရုဏ်ဦး ပွင့်သိင်္ဂီဇော်၏ ပထမဆုံး သရဲဇာတ်ကားဖြစ်ကြောင်း သိရသည်။ သရုပ်ဆောင်များအနေဖြင့် ထွန်းထွန်း၊ ငြိမ်းချမ်းကျော်၊ နေရဲနှင့် အလှမယ် ရွှေအိမ်စည်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားသည်။


မြန်မာ့အလင်း