မြန်မာ့ထွက်ကုန် သီးနှံ နံနံစေ့များ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဝယ်လိုအားကြောင့် ၅ နှစ်အတွင်း ဈေးနှုန်းများ စံချိန်တင်မြင့်တက်

မန္တလေး၊ ၈ ဇွန်

၂၀၂၁ ခုနှစ် သီးနှံထုတ်ကုန်ရာသီတွင် မန္တလေးဈေးကွက်အတွင်း၌ ဟင်းခတ်အမွှေးအကြိုင်သီးနှံအဖြစ် အသုံးပြုသည့် နံနံစေ့များ ယခုရက်ပိုင်းအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ရုတ်တရက် ဝယ်လိုအား ကောင်းမွန်လာမှုကြောင့် ဈေးနှုန်းများအနေဖြင့်  ၅ နှစ်အတွင်း စံချိန်တင် မြင့်တက်လာကြောင်း သိရသည်။

"ဒီနံနံစေ့ သီးနှံကတော့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ရုတ်တရက်ဝယ်လိုအား ကောင်းလာတာကြောင့် ဒီရက်ပိုင်းမှာ မကြုံစဖူး ဈေးတွေ ထိုးတက်လာတယ်။ အနှစ်ချုပ်ပြောရရင်တော့ ယခု ၂၀၂၁ ခု နှစ်ရဲ့ ထွက်သမျှ သီးနှံတွေထဲမှာ ဈေးနှုန်း အတက်အကြမ်းဆုံးကတော့ ဒီနံနံစေ့ပဲလို့ ပြောလို့ရသလို ၂၀၁၆ ခုနှစ်ကနေ ဒီနှစ် ယခုအချိန်အထိ နံနံစေ့ ဈေးနှုန်းတွေထဲမှာလည်း စံချိန်တင် အမြင့်ဆုံး ရောက်ရှိခဲ့တာပဲ ဖြစ်တယ်" ဟု မန္တလေးမြို့မှ ဦးစိုးဝင်းမြင့်(စိုးဝင်းမြင့်ပွဲရုံ)က ပြောသည်။

အဆိုပါ နံနံစေ့ ဈေးနှုန်းမှာ ယခင် သင်္ကြန်အပြီးကာလက ရှစ်ပိဿာဝင် တစ်တင်းလျှင် ငွေကျပ် တစ်သောင်းသာ ရှိခဲ့ရာမှ ယခု ဇွန်လ ၈ ရက်နေ့တွင် တစ်သောင်းငါးထောင်ကျပ်နှုန်းအထိ မြင့်တက်ခဲ့သည့်အပြင် အရောင်းအဝယ်များမှာလည်း ဈေးကွက်အတွင်း၌ ဝယ်လိုအား များပြားလျက်ရှိနေကြောင်း သိရသည်။

နံနံစေ့သီးနှံသည် လက်ရှိတွင် မန္တလေးဈေးကွက်သို့ စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်၊ မြင်းမူ၊ သဲတော၊ မြင်းခြံ၊ မလှိုင်၊ တောင်သာမြို့နယ်များမှ ဝင်ရောက်လျက်ရှိနေပြီး ရန်ကုန်နှင့် ဧရာ၀တီတိုင်းဒေသကြီးတို့တွင် နံနံပင်ကို အစေ့ထွက်သည့် အချိန်အထိ မစောင့်ဆိုင်းဘဲ မုန့်ဟင်းခါးနှင့် အခြားဟင်းလျာများတွင် ထည့်သွင်းစားသုံးရန်အတွက် အပင်လိုက် ရောင်းချလေ့ရှိကြောင်း သိရသည်။

"နံနံစိုက်တောင်သူများအနေနဲ့ အခုလို နံနံစေ့ ဈေးကောင်းရနေတဲ့ အချိန်မှာ အပင်လိုက်ရောင်းချခြင်းထက် အစေ့ထွက်တဲ့အထိ အချိန်ယူစောင့်ဆိုင်းပြီး ရောင်းချသင့်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ ထွက်ရှိတဲ့ သီးနှံတွေထဲမှာ နံနံစေ့တင်မကဘဲ စမုံစပါးနဲ့ စမုံနက် သီးနှံတွေလည်း ထွက်ရှိပါတယ်။ ဒီစမုံစပါးနဲ့ စမုံနက်သီးနှံတွေကို  ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ ထည့်သွင်းအသုံးပြုရုံသာမက မြန်မာ့တိုင်းရင်းဆေး ဖော်စပ်တဲ့နေရာမှာလည်း ထည့်သွင်းအသုံးပြုလေ့ ရှိကြတယ်" ဟု ၎င်းက ဆက်လက်ပြောပြသည်။

လက်ရှိတွင် မန္တလေးဈေးကွက်အတွင်း၌ နံနံစေ့ သီးနှံဈေးနှုန်းအပြင် စမုံနက်နှင့် စမုံစပါးဈေးနှုန်းများမှာလည်း မြင့်တက်လျက်ရှိရာ သင်္ကြန်မတိုင်မီက တစ်ပိဿာလျှင် ငွေကျပ် ၄၂၀၀ နှုန်း ပေါက်ဈေးရှိခဲ့သည့် စမုံနက်မှာ ယခု ဇွန် ၈ ရက်တွင် တစ်ပိဿာလျှင် ငွေကျပ် ၆၀၀၀ နှုန်းအထိလည်းကောင်း၊ ယခင် တစ်ပိဿာလျှင် ၁၅၀၀ ကျပ်နှုန်းသာရှိခဲ့သော စမုံစပါး ဈေးနှုန်းမှာ ယနေ့တွင် တစ်ပိဿာလျှင် ၂၂၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း အရောင်းအဝယ်များ သွက်လက်မြန်ဆန်လျက်ရှိကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)

MDN