မွန်မြတ်သည့် ပညာရေး ဖြည့်ဆည်း

၁၃ ဒီဇင်ဘာ

 

မြန်မာနိုင်ငံ၏ ပိရမစ်ပုံ လူ့အဖွဲ့အစည်း ပြောင်းလဲတိုးတက်လာမှုတွင် အသက်ငါးနှစ်မှ ကိုးနှစ်၊ အသက် ၁ဝ နှစ်မှ ၁၄ နှစ်နှင့် အသက် ၁၅ နှစ်မှ ၁၉ နှစ်အရွယ်ရှိ ကျောင်းနေအရွယ် ကလေးငယ်များမှာ လူဦးရေ အချိုးအများဆုံးဖြစ်သည်ကို ၂ဝ၁၄ ခုနှစ် လူဦးရေသန်းခေါင်စာရင်းအရ တွေ့ရှိရပါသည်။ ထိုအထဲတွင် အသက်ငါးနှစ်မှ ကိုးနှစ်ရှိ မူလတန်းအရွယ် ကျောင်းသားများမှာ လူဦးရေ သုံးသန်းခွဲခန့်ရှိပြီး ကလေးသူငယ်များတွင် ဒုတိယအများဆုံး ဖြစ်နေပါသည်။

 

လက်ရှိတွင် တစ်နိုင်ငံလုံး အတိုင်းအတာအရ မြို့နယ်များရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် အခြေခံပညာ မူလတန်းကျောင်းများအား ဘဏ္ဍာငွေလျာထားမှုအလိုက် ဖွင့်လှစ်ပေးနိုင်သည်ကို တွေ့ရပါသည်။ သို့ရာတွင် ကျောင်းနှင့် ဆရာ၊ ကျောင်းသားနှင့် ဆရာအင်အား အချိုးကျအောင် ခန့်ထားပေးနိုင်ရေးမှာ လိုအပ်နေဆဲဖြစ်သည်။ ထိုလိုအပ်ချက်ကို ပညာရေးဝန်ကြီးဌာနက ကြိုးပမ်းဆောင်ရွက်ပေးနေသလို မွန်မြတ်သည့်ပညာကို လိုလိုလားလား ဖြည့်ဆည်းပေးလိုသည့် လူငယ်များရှိနေသည်ကိုလည်း ဝမ်းမြောက်ဖွယ် ကြားသိရသည်။

 

သို့ဆိုလျှင် အခြေခံပညာကဏ္ဍ လိုအပ်ချက်နှင့် ကွက်လပ်ဖြည့်မည့် လူငယ်များအတွက် အဆင်ပြေချောမွေ့အောင် စီမံဆောင်ရွက်ပေးဖို့ လိုအပ်လာသည်။ ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာကျောင်းများတွင် လိုအပ်သည့် ဆရာ ဆရာမများအား ဖြည့်ဆည်းပေးနိုင်ရန်အတွက် ပညာရေးတက္ကသိုလ်များမှ ဘီအီးဒီဘွဲ့ရများ၊ ပညာရေးကောလိပ်များမှ လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ ဒီပလိုမာသင်တန်းဆင်းများအား နှစ်စဉ် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။

 

ထိုသို့ ဖြည့်ဆည်းပေးနေသော်လည်း တိုးချဲ့လာသော အခြေခံပညာ ကျောင်းများနှင့် များပြားလာသော မူလတန်းကျောင်းနေအရွယ် ကလေးများအတွက် ဆရာ ဆရာမများ နှစ်စဉ် လိုအပ်နေသေးသည်ကို တွေ့ရသည်။ ထိုလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ယမန်နှစ်များကတည်းက နေ့စားလပေး မူလတန်းပြဆရာ ဆရာမများကို ဒေသအလိုက် ခေါ်ယူခန့်ထားပေးနေသည်ကို တွေ့ရသည်။ အဆိုပါ ဆရာများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ အစီအစဉ်ဖြင့် သတ်မှတ်ချက်နှင့် ကိုက်ညီသူများအား ရွေးချယ်ခဲ့ပြီး နွေရာသီကျောင်းပိတ်ရက်တွင် မြို့နယ်အခြေပြု မူလတန်းဆရာအတတ်သင် သင်တန်း ရက် ၃ဝ တက်ရောက်ပြီးမှ မူလတန်းပြဆရာ ဖြစ်လာကြသည်။

 

သို့သော် အဆိုပါ ဆရာများမှာ ဘဏ္ဍာနှစ်အလိုက် နေ့စားလပေး လစာတစ်သိန်းကျော်ခန့်ဖြင့် ဒေသနေကလေးငယ်များ ပညာတတ်မြောက်ရေးကို စေတနာ၊ အနစ်နာ၊ ဝါသနာအပြည့်ဖြင့် ဆရာပီသစွာဖြင့် တာဝန်ထမ်းဆောင်နေရာ အမြဲတမ်း ပညာရေးဝန်ထမ်း မူလတန်းပြဆရာများအဖြစ် အတည်ပြု ခန့်ထားနိုင်ရေးကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးရပေလိမ့်မည်။ သို့မှသာ ဒေသအလိုက် ရေရှည်တည်တံ့ခိုင်မြဲသော အခြေခံပညာရေး ဖွံ့ဖြိုးတိုးတက်မှုဖြစ်လာမည်ဖြစ်သည်။

 

ပညာရေးဌာနအနေဖြင့်လည်း အခြေခံပညာကျောင်းများ တိုးတက်ဖွင့်လှစ်ခြင်းနှင့်အတူ ဆရာအင်အားတိုးချဲ့ရေးအတွက် ပညာရေးဘဏ္ဍာငွေ နှစ်စဉ် တိုးတက်သုံးစွဲနေသည်ကို တွေ့ရပြီး အခြေခံပညာ ဆရာအင်အားဖွဲ့စည်းပုံကိုလည်း ပြင်ဆင်တိုးချဲ့ စီမံဆောင်ရွက်ပြီးဖြစ်လိမ့်မည်ဟု မျှော်လင့်ပါသည်။ သို့မှသာ အခြေခံပညာရေး မူလတန်းပညာအတွက် လိုအပ်နေသော ကွက်လပ်ကို ဖြည့်ဆည်းဆောင်ရွက်ပေးနေသည့် ဆရာ ဆရာမများသာမက မူလတန်းပြဆရာအဖြစ် ထပ်မံဆောင်ရွက်ကြမည့် လူငယ်များလည်း တိုးပွားများပြားလာမည်ဖြစ်သည်။

 

သို့ဖြစ်ရာ မူလတန်းအရွယ် ကလေးငယ်များမှာ နိုင်ငံ၏အနာဂတ်အတွက် မျိုးစေ့ကောင်းများဖြစ်နေသဖြင့် မျိုးစေ့ကောင်းများ အပင်အောင် ရှင်သန်ဖြစ်ထွန်းစေရန်မှာ အရေးကြီးပါသည်။ ထို့ကြောင့် ရေခံမြေခံ အခြေခံပညာမြေနှင့် မြေတောင်မြှောက်ပေးမည့် ဥယျာဉ်မှူးကောင်းများ အချိုးညီ မျှတစွာဖြင့် ခိုင်မြဲစွာ ဖြစ်ပေါ်လာစေရေးအတွက် နေ့စားလပေး မူလတန်းပြဆရာ ဖြစ်ထွန်းရေးကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးနိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း။