မည်သည့်နေရာမျိုးတွင်မဆို ရေးခြစ် မှတ်သားထားနိုင်ပြီး စမတ်ဖုန်း မျက်နှာပြင်ကဲ့သို့ နေရာများတွင် ပြန်လည် ဖော်ပြပေးနိုင်သည့် စမတ်ဘောပင်

၁၁ မေ

မည်သည့်နေရာမျိုးတွင်မဆို ရေးခြစ် မှတ်သားထားနိုင်ရန် စမတ်ဖုန်းကဲ့သို့ ပစ္စည်းများနှင့်ချိတ်ဆက်ကာ ရေးခြစ်ထားသည့် အကြောင်းအရာများကို ပြန်လည် ဖော်ပြပေးနိုင်သည့် စမတ်ဘောပင် တစ်မျိုးအား အစ္စရေးနိုင်ငံအခြေစိုက် နည်းပညာကုမ္ပဏီတစ်ခုက ဖန်တီး ထုတ်လုပ်လိုက်ကြောင်းသိရသည်။ အဆိုပါ စမတ်ဘောပင်မှာ Bluetooth စနစ်ဖြင့် ချိတ်ဆက်နိုင်သည့် စမတ်ဖုန်း၊ တက်ဘလက်၊ လက်ပ်တော့အစရှိသည့် ပစ္စည်းများနှင့် ချိတ်ဆက်ထားကာ မည်သည့်နေရာတွင်မဆို ရေးခြစ်မှတ်သားခြင်းမျိုးကို ပြုလုပ်နိုင်ကြောင်း သိရသည်။

 

ထို့အပြင် အဆိုပါစမတ်ဘောပင်၏ အပေါ်ဘက်ကို ပိုမိုဖိပေးခြင်းအားဖြင့် ရေးခြစ်မည့် ဘောပင်ထိပ်ပိုင်း အရွယ်အစား အကြီးအသေးကို ချိန်ညှိပေးနိုင်ကာ ပုံဆွဲခြင်း၊ ဆေးရောင်ခြယ်ခြင်းနှင့် အခြားထင်ရှားသည့် မှတ်သားခြင်းများကို ပြုလုပ်နိုင်စေမည်ဖြစ်သည်။ အခြားစမတ်ဘောပင်များလည်း ဈေးကွက်အတွင်း ရှိနေသော်လည်း ၎င်းကဲ့သို့ နေရာမရွေး မရေးခြစ်နိုင်ခြင်းက ၎င်းအတွက်ဈေးကွက်အတွင်း အောင်မြင်နိုင်ရန် အားသာချက်ဖြစ်ပြီး မင်အသုံးပြုရန်လည်း မလိုအပ်ကြောင်း သိရသည်။

 

အဆိုပါစမတ်ဘောပင်ကို စမတ်ဖုန်း၊ လက်ပ်တော့အစရှိသည့် ပစ္စည်းများနှင့် အလျင်အမြန် ချိတ်ဆက်နိုင်ပြီး အသုံးပြုနေကျ အက်ပလီကေးရှင်းများဖြင့် အလွယ်တကူ အသုံးပြုနိုင်မည်ဖြစ်သည်။ လက်မှ လှုပ်ရှားမှတ်သားမှုများကို တိုင်းတာရန်အတွက် အာရုံခံစနစ် သုံးခု ထည့်သွင်းပေးထားပြီး နောက်ပိုင်းကာလများတွင် ဖုန်းခေါ်ဆိုမှုများ ပြန်လည်ဖြေကြားရန်နှင့် စာတိုပေးပို့မှု၊ ဖုန်းအတွင်း သတိပေးချက်များကိုပါ ၎င်းစမတ်ဘောပင်မှတစ်ဆင့် သိရှိတုံ့ပြန်မှု နည်းပညာများ ထည့်သွင်းပေးသွားဖွယ် ရှိကာ ဝယ်ယူရန် တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၂၀ဝ ဝန်းကျင်ဖြစ်ကြောင်း သိရသည်။

 

ဇာဏီ