မွန်ပြည်နယ်၌ လယ်ယာမြေနှင့်စပ်လျဉ်း၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင်ရေးအစည်းအဝေးကျင်းပ

မော်လမြိုင်   ဇန်နဝါရီ    ၂၂

မွန်ပြည်နယ်တွင် လယ်ယာမြေနှင့်စပ်လျဉ်း၍  လုပ်ထုံးလုပ်နည်းနှင့်အညီ  ဆောင်ရွက်နိုင်ရေးအတွက် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ အမှတ်စဉ် (၁/ ၂၀၂၂) အစည်းအဝေးကို မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ဇန်နဝါရီ ၂၁ ရက် မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

အစည်းအဝေးတွင် မွန်ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက “လယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီအနေဖြင့် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး၊ လုပ်နည်းများနှင့်အညီ စနစ်တကျ လုပ်ကိုင်ဆောင်ရွက်ကြစေလိုကြောင်း၊ ကျေးရွာပိုင် မြေနေရာများ၌   ကျူးကျော်နေထိုင်မှုများအား ဥပဒေနှင့်အညီ တားဆီးအရေးယူဆောင်ရွက်ရန်၊ သက်ဆိုင်ရာ ကော်မတီများ အနေဖြင့် အောက်ခြေအထိ ကွင်းဆင်းစစ်ဆေး၍ လိုအပ်သည်များကို ဆောင်ရွက်ကြရန်၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် လယ်ယာမြေများ လျော့နည်းမှုမရှိစေရေး အခြားနည်းအသုံးပြုမှု လျှောက်ထားခြင်း များနှင့် ပတ်သက်၍ အထူးစိစစ်ကြပ်မတ်ရန်၊ လယ်ယာမြေ စီမံခန့်ခွဲရေး လုပ်ငန်းများတွင် လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေပါ  ပြဋ္ဌာန်းချက်များနှင့်အညီ  တိကျစွာ လိုက်နာဆောင်ရွက်ရန်အတွက် ကျေးရွာ၊ မြို့နယ်၊ ခရိုင် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက်ရန်” လမ်းညွှန် မှာကြားသည်။

ထို့နောက် မွန်ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူးက လျှောက်ထားမှုများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များက ဆွေးနွေးတင်ပြကြရာ ဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)