မွန်ပြည်နယ်ဝန်ကြီးချုပ် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများအား ကာကွယ်ကုသပေးသည့် ကျန်းမာရေး ဝန်ထမ်းများကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်

မော်လမြိုင် ဩဂုတ် ၂၁

မွန်ပြည်နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊  ဌာနဆိုင်ရာ အကြီးအကဲများနှင့် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ဩဂုတ် ၂၀ နံနက် ၉ နာရီက မော်လမြိုင်မြို့၊  ပြည်နယ်ခန်းမ၌ ကျင်းပသည့် မွန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများအား ကာကွယ်၊ ထိန်းချုပ်၊ ကုသပေးစဉ် ရောဂါပိုး ကူးစက်ခံခဲ့ရသည့် ကျန်းမာရေးဝန်ထမ်းများအတွက် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခြင်းအခမ်းအနား တက်ရောက်သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက အဖွင့်အမှာစကား ပြောကြားရာ၌ မွန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ တတိယလှိုင်း စတင်ဖြစ်ပွားခဲ့သည့် ၂၀၂၁ ခုနှစ်၊ မေလ ၂၇ ရက်မှ ဩဂုတ်လ ၁၈ ရက်အထိ ပိုးတွေ့လူနာ (၁၁၉၁၆) ဦးရှိခဲ့ကြောင်း၊ ထို့အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊  ကုသရေး လုပ်ငန်းများကို  ပြည်နယ်၊ ခရိုင်၊ မြို့နယ်များအလိုက် ကြီးကြပ်မှုဖြင့် ကော်မတီများဖွဲ့စည်းခြင်း၊ အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရန် Call Center များ ဖွင့်လှစ်ခြင်း၊ Stay at Home  နယ်မြေများ သတ်မှတ်ခြင်းနှင့် ခရီးသွားလာမှုများ  ကန့်သတ်ခြင်း၊ သတင်းစောင့်ကြည့်ရေးနှင့် သတင်းမှန်ပြန်ကြားရေး အဖွဲ့များ ဖွဲ့စည်းထားခြင်းအပြင် ပိုးတွေ့လူနာများအား ကုသရေးဆေးရုံ၊ ကုသရေးစင်တာများတွင် ကျန်းမာရေး စောင့်ရှောက်မှုများ၊ လိုအပ်သည့် အောက်ဆီဂျင်များ လုံလောက်စွာ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည့်အတွက်  ရောဂါဖြစ်ပွားမှု လျော့နည်းလာသည်ကို တွေ့ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါ လျော့နည်းအောင်  အဓိကအခန်းကဏ္ဍမှ အနစ်နာခံ၍ ရောဂါပိုးကူးစက်ခံပြီး ကုသပေးခဲ့သည့် ကျန်းမာရေးဝန်ထမ်းများကို မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်းနှင့် ဝိုင်းဝန်းကူညီကြသည့် ကျန်းမာရေး ဝန်ထမ်းများ၊ ပရဟိတလူမှုအဖွဲ့အစည်းများ၊ စေတနာရှင်၊ အလှူရှင်ပြည်သူများကို အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။

mdn

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများအား ကုသပေးစဉ် ရောဂါပိုး ကူးစက်ခံခဲ့ရသည့် ကျန်းမာရေးဝန်ထမ်းများကို  ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ရာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်များ၊ သူနာပြုများက  လက်ခံရယူခဲ့ပြီး ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

မွန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပိုးတွေ့လူနာများအား ကုသပေးသည့် ကျန်းမာရေးဝန်ထမ်း (၁၉၅) ဦးအတွက်  ပြည်နယ်အစိုးရအဖွဲ့မှ  ဂုဏ်ပြုချီးမြှင့်ငွေ (၁၉၅) သိန်း ချီးမြှင့်ပေးခဲ့ပြီး မွန်ပြည်နယ်တွင် လူဦးရေ (၂၂) သိန်းကျော် ရှိသည့်အနက် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံးရေ (၅) သောင်းကျော်နှင့် ဒုတိယအကြိမ်  ဆေးအလုံးရေ (၉၅၀၀၀) ကို ထိုးနှံပေးခဲ့ပြီးဖြစ်ရာ ထပ်မံရောက်ရှိမည့် ကာကွယ်ဆေးများ ထိုးနှံနိုင်ရေး စီစဉ်ထားကြောင်းနှင့် ပိုးတွေ့လူနာများအတွက် လိုအပ်သည့်အောက်ဆီဂျင်များ လုံလောက်စွာဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

ခရိုင်(ပြန်/ဆက်)