မန်းရေနံမြေ ဒေသခံများအတွက် မွေးမြူရေးလုပ်ငန်းများ တိုးတက်လုပ်ကိုင်ဆောင်ရွက်နိုင်ရန် အသိပညာပေး ဆွေးနွေး

မင်းဘူး  ၆  မတ် 

မန်းရေနံမြေ ဒေသခံများအနေဖြင့် မိရိုးဖလာစိုက်ပျိုးရေးလုပ်ငန်းများအပြင်  အသက်မွေးဝမ်းကျောင်း အထောက်အကူပြု မွေးမြူရေးလုပ်ငန်းများ တိုးတက်လုပ်ကိုင်ဆောင်ရွက်နိုင်ရန် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် MPRL E&P Pte Ltd. နှင့် မင်းဘူး (စကု)မြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏  ပူးပေါင်းစီစဉ်ပံ့ပိုးမှုဖြင့် မန်းရေနံမြေ ထိစပ် ကျေးရွာများဖြစ်သည့် မန်းကျိုးကျေးရွာနှင့် ကျွဲချကျေးရွာတို့တွင် ယမန်နေ့ နံနက်ပိုင်းက မွေးမြူရေး ဆိုင်ရာ အသိပညာပေးပွဲများကို စီစဉ်ဆောင်ရွက်ခဲ့သည်။

အဆိုပါအစီအစဉ်တွင် မန်းရေနံမြေဒေသခံများအနေဖြင့် တိုင်းရင်းကြက်များကို စနစ်တကျ မွေးမြူနိုင်ရန် GHP စနစ်ဖြင့် မွေးမြူနည်း၊ ခြံခတ်မွေးမြူခြင်း၊ ကြက်ငှက်တုပ်ကွေးနှင့် ကြက်နာရောဂါများ မကျရောက်စေရန် ကြိုတင်ကာကွယ်ရေး နည်းလမ်းများ၊ I2 မျက်စိဆေးများဖြင့် မျက်စဉ်းခတ်ခြင်း၊ ရောဂါကာကွယ်ခြင်းနှင့် ကုသခြင်းဆိုင်ရာ နည်းလမ်းများကို မင်းဘူး(စကု)မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာဆောင်းဦးဝေက အသိပညာများ မျှဝေခဲ့သည်။

ထို့ပြင် မန်းရေနံမြေဒေသခံများ လက်ရှိ မွေးမြူလျက်ရှိသည့် ဆိတ်နှင့် ဝက်မွေးမြူရေး လုပ်ငန်းများ အတွက် လိုအပ်သည့် အကြံဉာဏ်များပေးခြင်း၊ အသိပညာမျှဝေခြင်းနှင့် မွေးမြူရေးလုပ်ငန်းများကို လက်တွေ့လုပ်ကိုင်လျက်ရှိသည့် ဒေသခံများ သိရှိလိုသည်များကိုလည်း ပြန်လည်ဆွေးနွေးဖြေကြားခဲ့ သည်။  မန်းကျိုးကျေးရွာနှင့် ကျွဲချကျေးရွာတို့တွင် ပြုလုပ်သည့် မွေးမြူရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲများသို့ ဒေသခံ စုစုပေါင်း (၇၆) ဦး တက်ရောက်ခဲ့သည်။

မန်းရေနံမြေ ဒေသခံများ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု မွေးမြူရေးလုပ်ငန်းများ တိုးတက် လုပ်ကိုင်ဆောင်ရွက်နိုင်ရန် မွေးမြူရေးဆိုင်ရာ သင်တန်းများ ပံ့ပိုးနိုင်ရေးကို စီစဉ်ဆောင်ရွက်လျက်ရှိပြီး ယခုနှစ် မတ်လအတွင်းတွင် သက်ဆိုင်ရာကျေးရွာများအလိုက် မွေးမြူရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲများကို MPRL E&P သည် CSR လုပ်ငန်းအစီအစဉ်၏ အခန်းကဏ္ဍ တစ်ရပ်အနေဖြင့် ဆက်တိုက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

(သတင်းစဉ်)