မန္တလေး-ကျောက်ဖြူ ရထားလမ်းသစ်ဖောက်လုပ်ရေးစီမံကိန်း ဖြစ်မြောက်နိုင်ခြေလေ့လာမှု ဆောင်ရွက်ရန် မြန်မာ့မီးရထားနှင့် China Railway Eryum Engineering Group Co.,Ltd (CREEC) တို့အကြား နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုး

နေပြည်တော်၊ ၁၂ ဇန်နဝါရီ

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားနှင့် China Railway Eryum Engineering Group Co.,Ltd (CREEC) တို့အကြား မန္တလေး-ကျောက်ဖြူရထားလမ်းသစ် ဖောက်လုပ်ရေးစီမံကိန်း ဖြစ်မြောက်နိုင်ခြေလေ့လာမှု (Feasibility Study) ဆောင်ရွက်ရန်အတွက် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ် ရေးထိုးခြင်း အခမ်းအနားကို ဇန်နဝါရီ ၁၀ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကျင်းပသည်။

 

a572367

 

အခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်၊ မြန်မာ့မီးရထား ခေတ္တဦးဆောင် ညွှန်ကြားရေးမှူး ဦးအောင်ဝင်းနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်နှင့် တာဝန်ရှိသူများ၊ (CREEC) မှ Chief Representative of CREC Myanmar, Mr. Wang Guoliang နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က မူဆယ်-မန္တလေး-ကျောက်ဖြူရထား လမ်းစီမံကိန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သမ္မတကြီး မစ္စတာ ရှီကျင့်ဖျင်၏ One Belt- One Road အစီအစဉ်အရ ဖြစ်ပေါ်လာသည့် China- Myanmar Economic Corridor တရုတ်-မြန်မာစီးပွားရေးစင်္ကြံ၏ စီမံကိန်းများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခု ဖြစ်သည်နှင့်အညီ ယခုကဲ့သို့ ငွေကြေးကုန်ကျမှုများစွာ ရင်းနှီးမြှုပ်နှံ အကောင်အထည်ဖော်ဆောင်ရွက်ရမည့် စီမံကိန်းတစ်ခု အပေါ်  စီမံကိန်း၏ ဖြစ်နိုင်စွမ်းအခြေအနေများကိုလည်း သတိကြီးစွာ အသေးစိတ်လေ့လာမှုပြုလုပ်ရန် လိုအပ်ပါကြောင်း၊ ထို့ပြင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းနှင့် လူမှုရေးထိခိုက်မှု ဆန်းစစ်ခြင်း များကိုပါ တစ်ပါးတည်း အသေးစိတ်လေ့လာရမည်လည်း ဖြစ်ပါကြောင်း။

 

ယခု မန္တလေး-ကျောက်ဖြူ ရထားလမ်းစီမံကိန်းဖြစ်မြောက်နိုင်ရေး လေ့လာမှုလုပ်ငန်းများ ဆောင်ရွက်နိုင် ရေးအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရခြင်းဖြစ်ပါကြောင်း၊ မန္တလေး-မူဆယ် ဖြစ်မြောက် နိုင်စွမ်းအခြေအနေများ လေ့လာပြီးစီးခဲ့မှုနှင့်ပတ်သတ်၍ တစ်ဆက်တစ်စပ်တည်း သုံးသပ်မှုများ ပြုလုပ်နိုင် ရန် ဆောင်ရွက်ခြင်းလည်းဖြစ်ပါကြောင်း၊ အဆိုပါ ရထားလမ်းစီမံကိန်း အကောင်အထည်ဖော်နိုင်ရေး အတွက် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးစိတ်ဓာတ်နှင့်အညီ ညီအစ်ကိုမောင်ရင်း စိတ်ဓာတ်ဖြင့် နှစ်ဦး နှစ်ဖက် ယုံကြည်မှု၊ သစ္စာရှိမှု၊ ချစ်ခင်ရင်းနှီးမှု၊ နှစ်ဦးနှစ်ဖက်၏ အကျိုးရှိမှု၊  နှစ်ဦးနှစ်ဖက် အပြန်အလှန် နားလည်မှု များဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးစဉ်သည်လည်း သမိုင်းဝင်ခရီးစဉ် ဖြစ်ခဲ့ပါကြောင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ကို ပြန်ကြည့်မည်ဆိုပါက သမ္မတရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ် ရလဒ်များကို တက်ကြွစွာ အကောင်အထည်ဖော်ဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၂၁ ခုနှစ်သည် တရုတ်နိုင်ငံ၏ (၁၄) ကြိမ်မြောက် (၅)နှစ်စီမံကိန်းဖြစ်ပါကြောင်း၊ တရုတ်ပြည်တွင်း ယူနန်ပြည်နယ်ရှိ Dali မှ ရွှေလီ (Ruili) ထိ ရထားလမ်းသည် ၂၀၂၃ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးပါက စတင်ပြေးဆွဲနိုင်မည်ဖြစ်၍ တရုတ်-မြန်မာ ရထားလမ်း ချိတ်ဆက်ပြီးပါက မြန်မာနိုင်ငံအနေဖြင့် လူဦးရေ(၁ ဒသမ ၄) ဘီလီယံ စျေးကွက်ကို ဝင်ရောက်နိုင်မည်ဖြစ်ပါကြောင်း၊ ကျယ်ပြန့်သည့်အာရှနှင့် ဉရောပဒေသကို ပိုမိုနီးကပ်စွာ ချိတ်ဆက်နိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် လူမှုဘဝကိုလည်း တိုးတက်ရရှိစေမည် ဖြစ်ပါ ကြောင်း၊ ယခုလိုစီမံကိန်း ဖြစ်မြောက်နိုင်ခြေ လေ့လာဆောင်ရွက်မည့်  တရုတ်နိုင်ငံမှ CREEC ကုမ္ပဏီသည် ကမ္ဘာအကြီးဆုံးကုမ္ပဏီ ၅၀၀ စာရင်းပါဝင်သော China Railway Group Co., Limited (CRGC) ၏ အဓိကနည်းပညာ ကုမ္ပဏီဖြစ်ပါကြောင်း၊  CREEC ကုမ္ပဏီက ကြိုးပမ်းမှုနှင့်အတူ မန္တလေး- ကျောက်ဖြူ ရထားလမ်းဖြစ်မြောက်နိုင်ခြေလေ့လာမှုလုပ်ငန်းများ ကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ နှစ်ဦးနှစ်ဖက် အတူတကွကြိုးစား၍ ဖြစ်မြောက်နိုင်ခြေလေ့လာမှုအပေါ် အခြေခံကာ ရထားလမ်း ဖောက်လုပ်ရေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် မြန်မာ့မီးရထား ခေတ္တ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် (CREEC) မှ Chief Representative of CREC Myanmar တို့က ပြည်ထောင်စုဝန်ကြီးနှင့် သံအမတ်ကြီးတို့ ရှေ့မှောက်၌ နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုးကြပြီး စာချုပ်များကို အပြန်အလှန်လဲလှယ်ကြသည်။

 

အဆိုပါ နားလည်မှုစာချွန်လွှာသက်တမ်းအား (၂)နှစ်သတ်မှတ်ထားရှိပြီး စီမံကိန်းလေ့လာမှုအစီရင်ခံစာအား (၁၈)လအတွင်း ပြန်လည်တင်ပြရမည်ဖြစ်ကာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း၊ လူမှုရေး ထိခိုက်မှုဆန်းစစ်ခြင်း၊ ယဉ်ကျေးမှုအမွေအနှစ်များ ထိခိုက်မှုဆန်းစစ်ခြင်းတို့ကိုပါ တစ်ပါတည်း ထည့်သွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်