မန္တလေး-မုံရွာ ကားလမ်း ဖြတ်ကူးသူ နှစ်ဦး ကားဖြင့်တိုက်မိရာ တစ်ဦးသေဆုံး

မြင်းမူ   ၁၉   ဇူလိုင်  


မြင်းမူမြို့  ထီးဆောင်းရွာအနီးရှိ မျက်စိဆေးရုံအနီး ယနေ့ နံနက် ၅ နာရီ မိနစ် ၂၀ ခန့်က ယာဉ်တိုက်မှု ဖြစ်ပွားရာ လူသေဆုံး ထိခိုက်ဒဏ်ရာရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 


မန္တလေး-မုံရွာ  ကားလမ်း  မိုင်တိုင် ၄၆/၃ နှင့် ၄ ကြားတွင်  ကိုခင်မောင်မြင့်  မောင်းနှင်သောယာဉ်သည် ရန်ကုန်မှ မုံရွာဘက်သို့ မောင်းနှင်လာရာ အခင်းဖြစ်နေရာအရောက်တွင် လမ်း၏ဝဲဘက်မှ ယာဘက်သို့ လမ်းဖြတ်ကူးသူ ဦးခင်မောင်ကြည် နှင့် ဒေါ်စန်းဝေ တို့ကို ယာဉ်၏ ရှေ့ဘက်ခြမ်းဖြင့် ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။


ယာဉ်တိုက်မိမှုကြောင့် ဦးခင်မောင်ကြည်နှင့် ဒေါ်စန်းဝေတို့တွင် ဒဏ်ရာအသီးသီးရရှိခဲ့ပြီး ဒေါ်စန်းဝေ မှာ ရရှိသည့်ဒဏ်ရာဖြင့် မြင်းမူ ဆေးရုံတွင်ဆေးကုသစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်ကို မြင်းမူမြို့မရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။


ကိုကိုနိုင်(မြင်းမူ)