မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး အမျိုးသားသွေးလှူဘဏ်မှ စေတနာသွေးလှူရှင်များ လာရောက်လှူဒါန်းရန် ဖိတ်ခေါ်

ရန်ကုန် ၁၉ စက်တင်ဘာ


မန္တလေးမြို့ အထွေထွေရောဂါကုဆေးရုံကြီး အမျိုးသားသွေးလှူဘဏ်တွင် နေ့စဥ် သွေးအလုံးရေ ၁၀၀ ကျော် လိုအပ်လျက်ရှိရာ စေတနာသွေးလှူရှင်များ လာရောက်လှူဒါန်းကြရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။


မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး အမျိုးသားသွေးလှူဘဏ်သည် မန္တလေးပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေသည့် လူနာများအတွက် လိုအပ်နေသည့် သွေးများကို အဓိကထောက်ပံ့ပေးလျက်ရှိသည်။ ယခင်က ဆေးရုံကြီးအတွက် လိုအပ်သည့် သွေးများကို သွေးလှူရှင်များထံမှ စုဆောင်းရရှိသော်လည်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလတွင် လာရောက်လှူဒါန်းမှုနည်းပါးမှုကြောင့် နေ့စဉ် သွေးလိုအပ်ချက်ပြည့်မီစေရန် သွေးလှူရှင်များ လိုအပ်နေကြောင်း သိရသည်။


သွေးအသုံးပြုမှုအနေဖြင့် လစဥ် သွေးအလုံးရေ ၃၅၀၀ မှ ၄၀၀၀ ကြားရှိပြီး တစ်နှစ်အတွက် နေ့စဥ် တစ်ရက်တာသွေးအလှူရှင် ၁၀၀ ကျော် လိုအပ်နေကြောင်း၊ ယခုအခါ စေတနာသွေးလှူရှင်များ လိုအပ်လျက်ရှိကြောင်း မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး (ရောဂါဗေဒဌာန) လက်ထောက်ဆရာဝန် ဒေါက်တာစုလှိုင်ဦး ၏ ပြောကြားချက်အရ သိရသည်။


“နေ့စဥ် လူနာ ၇၀ နှင့် ၁၀၀ ကြား သွေးထောက်ပံ့နေရတယ်၊ လူနာတွေအတွက် သွေးအလှူရှင် ၇၀ ဝန်းကျင်သာ လာရောက်ကြတယ်၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ပြန်လည်ဖြစ်ပွားလာခြင်းကြောင့် သွေးလှူရှင်လာရောက်မှု နည်းသွားတယ်” ဟု ဆက်လက်ပြောကြားသည်။


မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး အမျိုးသားသွေးလှူဘဏ်တွင် အရေးပေါ်သွေး လိုအပ်ချက်ရှိပါက မန္တလေးမြို့ပေါ်ရှိ ဆေးတက္ကသိုလ်၊ တပ်မတော်သား၊ မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ စေတနာသွေးလှူရှင် ကွန်ယက်အဖွဲ့၊ မန္တလေးလူထုစင်တာနှင့် အသင်းအဖွဲ့များက လာရောက်လှူဒါန်းကြသည်။ သွေးလှူဘဏ်အနေဖြင့် သွေးလိုအပ်ချက် အမြဲရှိနေမှုကြောင့် စေတနာသွေးလှူရှင်များ ပိုမိုတိုးပွားလှူဒါန်းရန်လိုအပ်ပြီး လူနာများ သွေးလိုအပ်သည့်အချိန်တိုင်းတွင် အချိန်မီ ထောက်ပံ့ပေးနိုင်မည်ဖြစ်သည်။ အမျိုးသားသွေးလှူဘဏ်မှ မွေးနေ့ကျရောက်သည့် သွေးလှူရှင်များ၊ လှူဒါန်းမှု ၄ လပြည့်သည့် သွေးလှူရှင်များကို ဖုန်းမှတစ်ဆင့် ပြန်လည်ဖိတ်ခေါ်မှုပြုလုပ်ပြီး စေတနာသွေးလှူရှင်များရရှိအောင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ကင်ဆာရောဂါဝေဒနာရှင်များ၊ သွေးအားနည်းဝေဒနာရှင်များ၊ သွေးကင်ဆာဝေဒနာရှင်များ၊ ခွဲစိတ်မှုများနှင့် အရေးပေါ်ခွဲစိတ်မှုများအတွက် သွေးလိုအပ်လျက်ရှိသည်။ ထို့ပြင် သွေးနှင့်ပတ်သက်၍ အသက်ဆက်ရမည့် လူနာပေါင်းများစွာရှိနေသဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလ ဖြစ်သော်လည်း ပုံမှန်သွေးလာရောက်လှူဒါန်းကြရန် နှိုးဆော်ထားသည်။ သွေးလှူရှင်များအနေဖြင့် Mandalay General Hospital Blood Bank Facebook နှင့် ဖုန်း  ၀၉၂၅၈၉၀၂၈၉၆ တို့တွင် ကြိုတင်ဆက်သွယ်၍ လှူဒါန်းကြရန်ဖြစ်ပြီး ရုံးဖွင့်ရက်များတွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိလည်းကောင်း၊ စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များတွင် နံနက် ၁၀ နာရီမှ မွန်းလွဲ ၃ နာရီအထိလည်းကောင်း လာရာက်လှူဒါန်းနိုင်ကြောင်း သိရသည်။


အောင်သူရ