မန္တလေးဗဟိုအကျဉ်းထောင်မှ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူ ၂၇ ဦးအား ဂုဏ်ပြု

မန္တလေး  ၁၈  ဇွန်

 

မန္တလေး ဗဟိုအကျဉ်းထောင်မှ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူ ၂၇ ဦးအား ဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့ကျင်းပပြုလုပ်ခဲ့သည်။

 

၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်မှာ မန္တလေးဗဟိုအကျဉ်းထောင်တွင် တက္ကသိုလ် ဝင်တန်းဖြေဆိုသူ ၅၅ ဦးရှိပြီး ၂၇ ဦးအောင်မြင်ခဲ့သည်။

 

"ဒီနှစ်မှာ အောင်တဲ့ကလေးတွေကိုလည်း တကယ်လို့ လွတ်ငြိမ်းချမ်းသာခွင့်မပါပဲ အကြောင်းအမျိုးမျိုးကြောင့် ထောင်ထဲမှာ ရှိနေမယ်ဆိုရင် အဝေးသင်တက္ကသိုလ် ဆက်တက်ဖို့ ဆောင်ရွက်ပေးမှာပါ"ဟု မန္တလေးဗဟို အကျဉ်းထောင် တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးချိုဝင်းထွန်းက ပြောသည်။

 

ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မန္တလေးဗဟိုအကျဉ်းထောင်မှ စာမေးပွဲဖြေဆိုသူ ၅၅ ယောက်ရှိပြီး သုံးဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ ၄ ဦး၊ နှစ်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ ၄ ဦး၊ တစ်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ ၁၃ ဦး ရှိကြောင်း သိရသည်။

 

တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်သူများထဲတွင် မူးယစ်ဆေးဝါးမှု၊ ခိုးမှု၊ လုယက်မှုများဖြင့် အကျဉ်းကျနေသူများ ပါဝင်ကြောင်း သိရသည်။ မန္တလေးဗဟို အကျဉ်းထောင်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနိုင်ရန် ပြီးခဲ့သည့် စာသင်နှစ်မှ စတင်ဆောင်ရွက်ခဲ့သည်။

 

"ဆယ်တန်းအောင်မယ်လို့ မမျှော်လင့်ထားပါဘူး။ ကြားကြားချင်း အရမ်းဝမ်းသာပါတယ်။ သင်ကြားပေးတဲ့ ဆရာ၊ ဆရာမတွေရော၊ မန္တလေးဗဟိုအကျဉ်းထောင်က ထောင်ပိုင်ကြီးနဲ့ တာဝန်ရှိသူတွေရော ကျေးဇူးတင်ပါတယ် "ဟု သုံးဘာသာဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သည့် အကျဉ်းသား မောင်ထက်ဆန်းစစ်က ပြောသည်။

 

မောင်ထက်ဆန်းစစ်သည် မူးယစ်ဆေးဝါးမှုဖြင့် မန္တလေးဗဟိုအကျဉ်းထောင်တွင် ပြစ်ဒဏ် ၈ နှစ်ကျခံရသည့် အကျဉ်းသားဖြစ်သည်။

 

မန္တလေးဗဟိုအကျဉ်းထောင်တွင် အကျဉ်းသားစုစုပေါင်း ၈၀ဝဝ ကျော်ရှိကြောင်း သိရသည်။

 

အိမို့မို့ခိုင်