မန္တလေးချမ်းမြသာစည်မြို့နယ် တောင်ရွာသစ်၌ နေအိမ် ၁၁ လုံး မီးလောင်ဆုံးရှုံး

မန္တလေး  ၁   မတ်

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ ဦပွားဂုံးကျော်အရှေ့ဘက်၊ တောင်ရွာသစ်အကွက် ၈၆၀ အိမ်ငှားနေသော သန်းသန်းခိုင်၏ ၁၀x၃၅ ပေ ပျဉ်ထောင် ၂ ထပ်နေအိမ်တွင် ယနေ့မွန်းတည့် ၁၂ နာရီကျော်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ယင်းအိမ်ဘုရားစင်ရှိ မီးစကြာတွင် သွယ်တန်းထားသော ဝါယာကြိုးများ အပူလွန်ကဲရာမှ ဘုရားစင်သို့ စတင်ကူးစက်မီးလောင်မှုဖြစ်ပွားခဲ့ရာ စုစုပေါင်း နေအိမ် ၁၁ လုံး မီးကူးစက်လောင်ကျွမ်းပြီး ဆိုင်ကယ် ၄ စီး နှင့် ရေခဲသေတ္တာ ၁ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

အဆိုပါ မီးလောင်ရာသို့ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးညွှန်ကြားရေးမှူး ဦးသန်းဇော်ဦး ဦးဆောင်၍ တာဝန်ရှိသူများသည် မီးငြှိမ်းသတ်ယာဉ် အစီး ၃၀၊ ရေသယ်ယာဉ် အစီး၂၀၊ အုပ်ချုပ်မှု ယာဉ် ၃ စီး၊ သန္ဓေမီးသတ်နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် ၂၀၀ တို့မှ ရေဂါလန် ၈၀၀၀၀ အသုံးပြု၍ ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၂၉ မိနစ်တွင် မီးလုံးဝငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် မီးဘေးသင့်ခဲ့သော အိမ်ထောင်စု ၂၂ စုမှ အမျိုးသား ၃၇ ဦး၊ အမျိုးသမီး ၃၂ ဦး၊ စုစုပေါင်း ၆၉ ဦးတို့ကို ရွာဘုံဆုတောင်းပြည့် ဓမ္မာရုံ၌ ယာယီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိပြီး လိုအပ်သည်များ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ မီးစတင်လောင်သည့် နေအိမ်နေ ဒေါ်သန်းသန်းခိုင်အား အမှတ် ၁၁ နယ်မြေရဲစခန်းမှ အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တင်မောင်မန်းကိုယ်ပွား