မန္တလေးမဟာမုနိဘုရားကြီးသို့ ဝင်ကြေးကောက်ခံသည့် ခြောက်လတာကာလအတွင်း ပြည်ပခရီးသွား တစ်သိန်းနှစ်သောင်းနီးပါး လာရောက်လည်ပတ်

မန္တလေး ၉ ဇန်နဝါရီ 

မန္တလေးမဟာမုနိဘုရားကြီးသို့ ပြည်တွင်း/ပြည်ပခရီးသွားများ လာရောက်လည်ပတ်မှု များပြားလျက်ရှိရာ ပြည်ပခရီးသွားများ ဝင်ကြေးကောက်ခံမှုကို ၂၀၁၉ ခုနှစ် ဇူလိုင် ၁ ရက်မှ စတင်၍ တစ်ဦးလျှင် မြန်မာကျပ်ငွေ ငါးထောင်ကောက်ခံခဲ့ရာ ဝင်ကြေးကောက်ခံသည့် ဇူလိုင် ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ခြောက်လတာ ကာလအတွင်း ပြည်ပခရီးသွား တစ်သိန်းနှစ်သောင်းနီးပါး ဝင်ရောက်ခဲ့ပြီး ငွေကျပ်သိန်းခြောက်ထောင်နီးပါး ရရှိခဲ့ကြောင်း မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့ စာရင်းများအရ သိရသည်။

 

8538

 

ခြောက်လတာကာလအတွင်း ငွေကျပ်သိန်းခြောက်ထောင်နီးပါး ရရှိခဲ့ကြောင်း၊ မဟာမုနိရုပ်ရှင်တော်သို့ ပြည်ပခရီးသွားဝင်ရောက်မှုအနေဖြင့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ အများဆုံးဖြစ်ကြောင်း၊ တစ်လလျှင်ပျမ်းမျှ ဝင်ကြေးအနေဖြင့် ကျပ်သိန်းတစ်ထောင်နီးပါး ကောက်ခံရရှိခဲ့ကြောင်း၊ လိုအပ်တဲ့ဝန်ဆောင်မှုများလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း မဟာမုနိဘုရားကြီးမှ ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောသည်။

မန္တလေးမဟာမုနိဘုရားကြီးသို့ ခြောက်လတာကာလအတွင်း ပြည်ပခရီးသွား ဝင်ရောက်မှုအနေဖြင့် ဇူလိုင်လတွင် ၁၆၃၄၈ ဦး၊ ဩဂုတ်လတွင် ၁၉၀၂၀ ဦး၊ စက်တင်ဘာလတွင် ၁၄၇၃၆ ဦး၊ အောက်တိုဘာလတွင် ၁၇၅၃၁ ဦး၊ နိုဝင်ဘာလတွင် ၂၆၂၀၃ ဦးနှင့် ဒီဇင်ဘာလတွင် ၂၅၈၅၇ ဦး စုစုပေါင်း ၁၁၉၆၉၅ ဦး ဝင်ရောက်ခဲ့ကြောင်း ဂေါပကအဖွဲ့ရုံး စာရင်းများအရ သိရသည်။

မဟာမုနိဘုရားကြီး ပရဝုဏ်ကြည်ညိုဖွယ်ဖြစ်စေရေး၊ ဘက်စုံတိုးတက်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် Tourist Information Center ဆောက်လုပ်၍ ကောက်ခံခြင်းဖြစ်ကြောင်း၊ ကောက်ခံရရှိသည့် ဝင်ကြေးများကို မဟာမုနိဘုရားကြီး ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ပြန်လည်အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။ 

သန်းဇော်မင်း(ပြန်/ဆက်)