မန္တလေးမြို့မှလေ့လာစရာ အိမ်တွင်းမှု  ထီး၊ ယပ်၊ တံခွန်လုပ်ငန်း

မန္တလေး   ၃၀  စက်တင်ဘာ

 

မန္တလေးမြို့တွင် ပုံမှန်ဝင်ငွေဖော်ဆောင်ပေးနေသည့် မြန်မာ့ရိုးရာအိမ်တွင်းမှု လက်မှုလုပ်ငန်းများစွာရှိရာ ထီး၊ ယပ်၊ တံခွန်လုပ်ငန်းသည်လည်း ပါဝင်သည်။

 

အရင်းအနှီးနည်းနည်းဖြင့် နေ့စဉ် မိသားစုလိုက်ဝင်ငွေရရှိသော လုပ်ငန်းများထဲတွင် ထီး၊ ယပ်၊ တံခွန်လုပ်ငန်းလည်း ပါဝင်ပြီး မန္တလေးမြို့ မဟာမုနိဘုရားကြီးဘေးရှိ ရပ်ကွက်များတွင် အများဆုံး ပြုလုပ်ရောင်းချကြသည်။ အထူးသဖြင့် ရွှေဘုန်းရှိန်ရပ်ကွက်တွင် တစ်နှစ်ပတ်လုံး ပြုလုပ်ကြသည်။ ထီး၊ ယပ်၊ တံခွန်များကို  အစုံလိုက်ဝယ်ယူကာ ဘုရားတင်ခြင်း၊ ယတြာချေခြင်းများ ပြုလုပ်ကြသည်။

 

ထီး၊ ယပ်၊ တံခွန်လုပ်ငန်းတွင် ကုန်ကြမ်းအဖြစ် စက္ကူ၊ ဝါးနှင့် ကော်ကို အဓိကအသုံးပြုကြပြီး စက္ကူသုံးပေပတ်လည် အရွယ်အစားကို ဝယ်ယူကာ ဆေးဆိုးပြီး နေလှန်းပေးရသည်။  ဝါးကိုစိပ်ကာ အချောသပ်ပေးရသည်။ ဝါးဖြတ်ရာတွင်  ၁၉ လက်မ၊ လက်မ ၂၀ အရွယ် စိပ်ပေးကြရသည်။ ထီး၊ ယပ်၊ တံခွန်လုပ်ငန်းတွင် အများအားဖြင့် အမျိုးအစား ရှစ်မျိုးပြုလုပ်ပေးရသည်။ ထီး၊ ယပ်၊ တံခွန်၊ ကုက္ကား၊ မုလေးပွား၊ ကြက်လျာ၊  ဂြိုလ်ပြား၊ အလံ တို့ကို  ပြုလုပ်ပြီး ဒေသအနှံ့ တင်ပို့ရောင်းချလျက်ရှိကြသည်။

 

ထီး၊ ယပ်၊ မုလေးပွား၊ ကြက်လျာများအတွက် လိုသလို စက္ကူခေါက်၍ ကတ်ကြေးဖြင့်ကိုက်ကာ ပုံဖော်ပေးပြီး ကော်ဖြင့်ကပ်ကြရသည်။ တံခွန်အတွက် ပိုက်လုံးငယ်ကို အသုံးပြုကာ အလုံးသဏ္ဍန်ဖြစ်စေရန် ပြုလုပ်ပြီး ကော်ဖြင့်ကပ်ကာ  ငွေရောင်စက္ကူဖြင့် အလှဆင်ကြရသည်။

 

စက္ကူရောင်စုံဖြင့်ပုံဖော်ထားသော ထီး၊ ယပ်၊ တံခွန်၊ ကုက္ကားများကို ဝါးဖြင့်ပူးတွဲကာ ကော်ကပ်အလှဆင်ပြီး အစုံလိုက် ဖောက်သည်ပေးရောင်းချကြရသည်။ ရှစ်မျိုးပါသော ထီး၊ယပ်၊တံခွန် တစ်စုံလျှင် ငွေကျပ် ၂၅၀ ကျော်ဖြင့် ဖောက်သည်ပေးပြီး တစ်ဆင့်ပြန်လည်ရောင်းချသူများမှာ တစ်စုံလျှင် ငွေကျပ် ၅၀ဝ ကျပ်ဖြင့် ရောင်းချကြသည်။ ခရီးအနီးအဝေး တင်ပို့စရိတ်အနည်းအများအလိုက် ဒေသအသီးသီးတွင် ဈေးနှုန်းအမျိုးမျိုးဖြင့် ရောင်းချကြသည်။

 

ထီး၊ ယပ်၊ တံခွန်လုပ်ငန်းတွင် ပုတ်ပြတ်လုပ်ကိုင်ခြင်း၊ နေ့စားလုပ်ကိုင်ခြင်း နှစ်မျိုးနှစ်စား ရှိသည်။ ပုတ်ပြတ်လုပ်ကိုင် ပါက ထီး၊ ယပ်၊ တံခွန်တစ်ထောင်လျှင် ငွေကျပ် ၂၅၀ဝ မှ ၃၀ဝ၀ ကျပ်အထိ ရရှိကြသည်။

 

နေ့စားလုပ်ကိုင်ပါက ငွေကျပ် လေးထောင်နှုန်းဖြင့် လုပ်ကိုင်ကြရသည်။ အများစုမှာ မိသားစုလုပ်ငန်းအဖြစ် စုပေါင်းလိုက်ကိုင်ကြပြီး မန္တလေးမြို့မှပြုလုပ်သော ထီး၊ ယပ်၊ တံခွန်များကို မန္တလေးမြို့တွင်သာမက ထားဝယ်၊ ရေဦး၊ မိုးကုတ်၊ တောင်ကြီး၊ စစ်ကိုင်း၊ ကျွန်းလှ၊ ပျော်ဘွယ်၊ ကျောက်ဆည်၊ သီပေါနှင့် အခြားဒေသများသို့ တစ်နှစ်ပတ်လုံး တင်ပို့ကြရသည်။

 

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရွှေဘုန်းရှိန်ရပ်ကွက် ၈၁ လမ်း၊ ၄၄-၄၅ ကြားတွင် ထီး၊ ယပ်၊ တံခွန်လုပ်ငန်း လုပ်ကိုင်ကြပြီး ဈေးကွက်မှာ နှစ်စဉ်ဝါတွင်းကာလနှင့်  တပေါင်း၊ တန်ခူးလများတွင် အရောင်းသွက်ကာ ကျန်လများတွင် ပုံမှန်ရောင်းချရကြောင်း သိရသည်။ 

 

တိမ်တမန်