မန္တလေးမြို့ရှိ ၈၄ လမ်း ညဈေးနှင့် လမ်း ၃၀ ပျံကျ ပန်းဈေးကို ၇၉ လမ်းသို့ ပြောင်းရွှေ့ရန် ပြင်ဆင်နေ

မန္တလေး ၂၅ ဇွန်

 

မန္တလေးမြို့ ဈေးချိုတော်အနီးရှိ ၈၄ လမ်း ညဈေးနှင့် သကျသီဟ ဘုရားအနီးရှိ လမ်း ၃၀ ပျံကျ ပန်းဈေးကို မန္တလေးဘူတာကြီး အနောက်ဘက် ၇၉ လမ်း၊ ၃၂ လမ်းနှင့် ၃၄ လမ်းသို့ ပြောင်းရွှေ့ရန် ပြင်ဆင်ဆောင်ရွက်နေကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

 

"မန္တလေးမြို့မှာ ဈေးချိုတော်အနီး ၈၄ လမ်းပေါ်မှာ လက်ရှိဖွင့်လက်စ ညဈေးတန်းရှိပါတယ်။ အဲဒီညဈေးတန်းကို ၇၉ လမ်း ဘူတာကြီးအနောက်ဘက်ကို ပြောင်းဖို့ပြင်ဆင်နေပါတယ်။ ညဈေးက အကြမ်းအားဖြင့် ညနေ ၅ နာရီခွဲလောက်ကစပြီး ည ၁၀ ခွဲလောက်ထိ ရောင်းပါတယ်။ ဈေးချိုဈေးသိမ်းလာတဲ့အချိန်နဲ့ သူတို့ဆိုင်စခင်းတာနဲ့ လမ်းပေါ်မှာ ယာဉ်ကြောအကြပ်အတည်းဖြစ်ပါတယ်။ ညဦးပိုင်းမှာ တကယ်လို့ မီးဘေးအန္တရာယ်ကြုံလို့ မီးသတ်ကားတွေ သွားဖို့လိုရင် ညဈေးတန်းကို ရှောင်ကွင်းသွားရတဲ့အတွက် နှောင့်နှေးမှု တစ်ခါတစ်ရံမှာဖြစ်ပါတယ်။ တတိယတစ်ချက်ကတော့ ညဈေးကို ပိုပြီးဖွံ့ဖြိုးစည်ကားအောင် လုပ်ချင်ပါတယ်။

 

နောက် "ညဈေးတန်းအသားကျသွားပြီဆိုရင် အဲဒီနေရာမှာပဲ သကျသီဟ ဘုရားတစ်ဝိုက် လမ်းပေါ်မှာခင်းနေတဲ့ ပန်းသည်တွေကို မနက်စောစော ပန်းရောင်းဖို့အတွက် နေရာချထားမယ်။ လမ်းပေါ်မှာ အိမ်တွေရှေ့မှာ သူတို့က မနက်ပိုင်း ခင်းကျင်းကြတာဆိုတော့ အိမ်တွေကလည်း စိတ်အနှောက်ယှက်ဖြစ်ကြပါတယ်။ အဲတော့ ပန်းသည်တွေလည်း စာရင်းတွေ အကုန်လုံးကြိုတင် ကောက်ထားပြီးသားပါ။ အားလုံးကို စနစ်တကျ နေရာချထားပေးမှာပါ။ အဓိကအားဖြင့် မဲနှိုက်တဲ့စနစ်နဲ့ နေရာချထားမယ်။ နောက်တစ်ခုက ဆိုင်ခန်းအပိုင်ပေးတဲ့ စနစ်မဟုတ်ပါဘူး။ မြို့တော်စည်ပင်သာယာရေးကော်မတီကို ဆိုင်ခန်းဖိုးဆိုပြီး ငွေသွင်းစရာမလိုဘူး။ နေ့စဉ်ပုံမှန် ဈေးကောက်ပဲ သွင်းရမှာဖြစ်ပါတယ်။" ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။

 

ပထမအနေဖြင့် ၇၉ လမ်း၊ ၃၂ လမ်းနှင့် ၃၄ လမ်းကြား လမ်း၏အရှေ့ဘက်ခြမ်းတွင် ၈၄ လမ်း ညဈေးတန်းမှ ဆိုင်ခန်း ၁၅၀ ကျော်နှင့် ရတနာပုံဈေးဝန်းကျင်တွင် ညပိုင်း၌ အစားအသောက်များ ရောင်းချနေသော ဆိုင်ခန်း ၃၀ နီးပါးကို ပြောင်းရွှေ့နေရာချထားမည်ဖြစ်ကြောင်းနှင့် ထိုသို့ ဆောင်ရွက်ရန် မြို့တော်စည်ပင်သာယာရေး ကော်မတီအနေဖြင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ ခွင့်ပြုချက်တောင်းခံထားပြီး ခွင့်ပြုချက်ရရှိပါက အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

"ညဈေးကတော့ ဈေးချိုနားမှာ ရှိတာ ကြာပြီလေ။ လူတွေရဲ့ရင်ထဲမှာလဲ ရောက်ပြီးသားပေါ့။ ၈၄ လမ်းက အချက်အခြာတဲ့နေရာဆိုတော့ လူသွားလူလာများတော့ ရောင်းရတာအဆင်ပြေတယ်။ ၇၉ လမ်းကျတော့ တစ်သးတစ်သန့်ကြီး ဖြစ်နေတော့ ဈေးဝယ်လာဖို့လည်း နည်းသွားနိုင်တယ်။ ဆိုင်ခန်းတွေကို ၆ပေပတ်လည်ပဲ ပေးမယ်လို့ကြားတော့ စာအုပ်တွေ ခင်ဖို့နဲ့ တခြားအထည်သည်တွေလည်း အဆင်ပြေမှာမဟုတ်ဘူး။" ၈၄ လမ်း ညဈေးတွင် စာအုပ်ရောင်းသူ ကိုငယ်လေးက ပြောသည်။

 

ညဈေးတန်းကို ပိုမိုစည်ကားပြီး မန္တလေးမြို့သူမြို့သားများ ညပိုင်းတွင် လာရောက်လည်ပတ်စရာနေရာ တစ်ခုဖြစ်အောင် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ ညဈေးအသစ်နေရာတွင် လမ်းအပြည့် နိုင်လွန်ကတ္တရာခင်းခြင်း၊ ညတွင် အလင်းရရှိစေရန် လမ်း၏ အရှေ့ဘက်နှင့် အနောက်ဘက်ခြမ်းတွင် လမ်းမီးတိုင်များ စိုက်ထူခြင်း၊ လိုအပ်လျှင် ရေဆိုးစီးနိုင်စေရန် ရေဆိုးမြောင်းလည်း စီစဉ်ထားကြောင်း၊ ညဈေးအသစ်တွင် စားသောက်ဆိုင်တွေအတွက် ရေသွယ်ထားပြီး ရေငုတ်များလည်း ပြုလုပ်နေကြောင်း၊ သန့်စင်ခန်းလည်း ဆောက်လုပ်နေပြဖြစ်ကြောင်း မြို့တော်စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

 

"အခုကိုဗစ်ဖြစ်နေတဲ့ကာလမို့ အရင်တုန်းကဆို ညအိပ်ပြီး ဈေးလာထွက်တယ်။ ညအိပ်မထွက်ဖို့ပြောတော့ မနက် ၂နာရီလောက်ရောက်လာတယ်။ ရပ်ကွက်က သာမှုနာမှုနဲ့ အရေးပေါ်လူနာရှိရင်တောင် လမ်းတွေပိတ်နေတော့ အဆင်မပြေဘူး။ မနက်စောစော သွားစရာရှိရင်လည်း မသွားရဘူး။ အိမ်ရှေ့မှာ လမ်းတွေပိတ်နေတယ်။ ပန်းတန်းရွှေ့မယ်ဆိုတော့ ပန်းသည်တွေလည်း စနစ်တကျ ဈေးထွက်ရတာပေါ့။ အဖမ်းလာရင် ပြေးရ အဖမ်းမလာထွက်ရတာတွေရှိတာပေါ့။ အခု နေရာပေးလိုက်တော့ ကိုယ့်နေရာလေးနဲ့ကိုယ် ကောင်းကောင်းမွန်မွန် ဈေးထွက်ရတာပေါ့။" ဟု လမ်း ၃၀ ပျံကျပန်းဈေးထွက်ရှိနေသာ နေရာတွင် နေထိုင်သူ ဒေါ်တင်တင်ဌေးက ပြောသည်။

 

ညဈေးအသစ်တွင် ဈေးရောင်းရန် လျှောက်ထားသူ ၅၂၀ ရှိကြောင်း၊ စားသောက်ဆိုင် တစ်ဆိုင်လျှင် မျက်နှာဖွင့် ၉ ပေရှိပြီး နောက်ကျောဘက် ရထားအုတ်တံတိုင်းအထိ အလျားကျယ်ကြောင်း၊ လူအသုံးအဆောင်ပစ္စည်းဆိုင်များ၊ စာအုပ်ဆိုင်များကို တစ်ဆိုင်လျှင် ၆ ပေ ပတ်လည်အကျယ်ဖြင့် သတ်မှတ်ပေးရန် စီစဉ်ထားကြောင်းနှင့် ၈၄ လမ်းညဈေးမှ ဈေးသည်များ၊ ရတနာပုံဈေး အနီးရှိ စားသောက်ဆိုင်များနှင့် နံနက်ပိုင်း ပန်းဈေးသည်များ နေရာ အသားကျပြီဆိုလျှင် ဈေးရောင်းရန် လျှောက်ထားသူ ၅၂၀ မှ အမှန်တကယ် ဈေးရောင်းရန် စိတ်ဝင်စားသူများကို စိစစ်ရွေးချယ်ပြီး နေရာများ ဆက်လက်ချထားပေးမည် ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီမှ သိရသည်။

 

ထိပ်ထားနိုင်