မန္တလေးမြို့ရှိ နှစ် ၁၀ဝ ခန့် သက်တမ်းရှိသော သာသနဇောတိက အုတ်ကျောင်းတော်ကြီး ပြုပြင်ထိန်း သိမ်းစေလို

မန္တလေး         ၂           သြဂုတ်              

 

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၈၇ လမ်း၊ လမ်း ၂၀ နှင့် ၂၁ လမ်းကြားရှိ ခေမာသီဝံကျောင်း တိုက်အတွင်းမှ နှစ်ပေါင်း ၁၀ဝ ခန့်သက်တမ်းရှိသော အမိုးအကာမဲ့ ပျက်စီးယိုယွင်းနေသည့် ကိုလိုနီခေတ် လက်ရာဟန် သာသနဇောတိက နှစ်ထပ်အုတ်ကျောင်းတော်ကြီးကို ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်စေလိုကြောင်း မန္တလေးမြို့မှ စာရေးဆရာကြီး နတ်မောက်ဦးထွန်းရှိန်က ပြောကြားသည်။

 

အဆိုပါ ကျောင်းတော်ကြီးကို သီပေါမင်းလက်ထက် ၁၂၈၁ ခုနှစ်က မင်းတုန်းမင်းနှင့် သီပေါမင်း မင်းနှစ်ပါးဆက် ကိုးကွယ်ခဲ့သည့် ပထမခေမာသီဝံ ဆရာတော်ဘုရားကြီး သက်တော် ၆၄ နှစ် သိက္ခာတော် ၄၄ ဝါအရောက်တွင် ဇရပ်အစ်မကြီး၏သမီး မမဇင်က ရွှေ၊ ဖန်၊ မှန်တို့ဖြင့် ဆောက်လုပ်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး သံဃာတော်အပါး ၂၀ဝ ကျော် သီတင်းသုံးနိုင်သော လှေကားလေးစင်းပါ အုတ်ကျောင်းတော် ကြီးဖြစ်ပြီး စစ်အတွင်း ဗုံးဒဏ်ကြောင့် တောင်ဘက်ခြမ်း မီးလောင်ပျက်စီးခဲ့ရကြောင်း သိရှိရသည်။

 

“ခေမာသီဝံကျောင်းတိုက်နဲ့ ဒီအုတ်ကျောင်းကြီးဟာ သီပေါမင်းလက်ထက်က အဂမဟာပဏ္ဍိတ ဘွဲ့တော်ရတဲ့ ခေမာသီဝံဆရာတော်ကြီး သီတင်းသုံးခဲ့တဲ့ ရှေးဟောင်းကျောင်းတော်ကြီးပါ။ နှစ်ပေါင်း ၈၀ ကျော် ပြုပြင်မှု မဲ့နေတဲ့အတွက် ကျောင်းတော်ကြီးက ပျက်စီးနေပြီး နေလို့မရတော့ဘူး။ ရှေးဟောင်းဘု ရားစေတီတွေသာမက ရှေးဟောင်းကျောင်းတွေကိုလည်း ပြုပြင်မွမ်းမံတည်ဆောက်ခြင်းဟာလည်း သာသနာပြုရာ ရောက်ပါတယ်။ ဒီသာသနဇောတိက အုတ်ကျောင်းကြီးကို ရှေးမူမပျက်ပြုပြင်လိုက်ရင် ယောမင်းကြီး အုတ်ကျောင်းတော်ကြီးလို မြန်မာမှုဗိသုကာ လက်ရာတွေနဲ့ ကြည်ညိုသဒ္ဓါပွားများဖွယ် မြင်တွေ့လာနိုင်မှာပါ။”ဟု ၎င်းက ပြောသည်။

 

လက်ရှိတွင် အဆိုပါ အုတ်ကျောင်းတော်ကြီး၏ လှေကားလေးစင်းအနက် မြောက်ဘက် လှေကားနှစ်စင်းမှာ ပျက်စီးခြင်းမရှိသော်လည်း တောင်ဘက်လှေကားနှစ်စင်း ပျက်စီးယိုယွင်းနေပြီး အောက်ခြေ အုတ်တိုင်ကြီးများမှာလည်း ပကတိကောင်းမွန်စွာ ကျန်ရှိနေသေးကြောင်းနှင့် အဆိုပါနှစ်ထပ်အုတ် ကျောင်းကြီး၏ မူလတည်ဆောက်ခဲ့သည့် ဗိသုကာလက်ရာများ၏ ခန့်ညားထည်ဝါမှုကို ပြန်လည်မြင် တွေ့နိုင်ရန်အတွက် ဆရာတော်များမှ ပြုပြင်မွမ်းမံမှုများ ဆောင်ရွက်ရန် လိုလားလျက်ရှိကြောင်း သိရှိ ရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)