မန္တလေးမြို့တွင် (၇၁)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် တိုင်းရင်းသား လူမျိုးစုများ ဈေးရောင်းပွဲတော် ကျင်းပ

မန္တလေး ၁၀ ဖေဖော်ဝါရီ 

 

မန္တလေးမြို့တွင် (၇၁)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် တိုင်းရင်းသား လူမျိုးစုများ ဈေးရောင်းပွဲတော်ကို မန္တလာသီရိ အဆင့်မြင့်အားကစားကွင်း၌ ယနေ့ နံနက် ၉ နာရီ ကကျင်းပ ခဲ့သည်။

 

မန္တလေးမြို့တွင် အခြေချနေထိုင်ကြသော (ကချင်၊ ကရင်၊ ကယန်း၊ ကိုးကန့်၊ ချင်း၊ တောင်ရိုး၊ တအောင်း၊ နာဂ၊ ပအိုဝ်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း၊ ရှမ်းနီ၊ အင်းသား) တိုင်းရင်းသားလူမျိုးစုများ၏ (၇၁)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် သတ္တမအကြိမ် ကျင်းပပြုလုပ်ခြင်းဖြစ်သည်။

 

ရှေးဦးစွာ ဈေးရောင်းပွဲတော်ဖွင့်ပွဲကို တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးနိုင်သက်လွင်နှင့်ဇနီး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးမျိုးသစ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းနှင့် တိုင်းရင်းသား လူမျိုးစုများ ဈေးရောင်းပွဲ တော်ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးစိုင်းပန်းဆိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။

 

အဆိုပါ  (၇၁)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် သတ္တမအကြိမ်မြောက် တိုင်းရင်းသား လူမျိုးစုများ ဈေးရောင်းပွဲတော်ကို ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၂ ရက်ထိ ကျင်းပသွားမည်ဖြစ်ရာ တိုင်းရင်းသား လူမျိုးစုများ၏ ရိုးရာအစားအစာများ၊ အသုံးအဆောင်ပစ္စည်းများ၊ ဒေသထွက်ကုန်ပစ္စည်းများ၊ အဝတ်အထည် များ၊ အရောင်းဆိုင်များ၊ ပြခန်းများနှင့် တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ဖျော်ဖြေပွဲများ၊ စာအုပ်အရောင်း ဆိုင်များ၊ တိုင်းရင်းသားစာပေယဉ်ကျေးမှုနှင့် ရိုးရာပစ္စည်းများပြခန်း၊ တိုင်းရင်းသားရိုးရာ ဝတ်စားဆင်ယဉ်မှု ပြခန်းတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ပြီး မည်သူမဆို လာရောက်လေ့လာနိုင်ကြောင်း ပြန်/ဆက် ဦးစီးဌာနမှ သတင်းပေးပို့ချက်အရ သိရသည်။

 

MDN