မန္တလေးမြို့တွင် (၉၉)နှစ်မြောက် အမျိုးသားနေ့အခမ်းအနား ကျင်းပ

မန္တလေး ၂၁ နိုဝင်ဘာ

ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးတည်ဆောက်ရေးကို အပြန်အလှန်ယုံကြည်မှုဖြင့် တည်ဆောက်ရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည် ထောင်စုတည်ဆောက်ရေး၊ တိုင်းရင်းသားအားလုံး၏ စုပေါင်းအင်အားဖြင့် ပြည်ထောင်စုကြီးဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ချက်များနှင့် ကျင်းပသော ၂၀၁၉ခုနှစ် (၉၉)နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ်အခမ်းအနားကို နိုဝင်ဘာ ၂၁ ရက် နံနက်  ၈နာရီက မန္တလေးချမ်းအေးသာစံမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ခြင်္သေခန်းမတွင် ကျင်းပသည်။ အခမ်းအနားသို့ တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်၊ ခရိုင်နှင့်မြို့နယ်ပညာရေးမှူးများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ဆရာဆရာမများ ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် အထက(၅)ကျောင်းသားကျောင်းသူများက ပြည်မြန်မာသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတထံမှ ပေးပို့သော (၉၉)နှစ်မြောက် အမျိုးသားနေ့သဝဏ်လွာအား ချမ်းအေးသာစံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဆင့် က ဖတ်ကြားသည်။

ထို့နောက်(၉၉)နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ် အထက်တန်းအဆင့်၊ အလယ်တန်း အဆင့်စာစီစာကုံးပြိုင်ပွဲဆုရ ကျောင်းသားကျောင်းသူများအား တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ဦးအောင်ရွှေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဆင့် တို့က ဆုများချီးမြှင့်ပြီး အထက(၁၄)ကျောင်းသား ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် ဖျော်ဖြေကြောင်းသိရသည်။

သီဟကိုကို(မန္တလေး)