မန္တလေးမြို့တွင် လမ်းမီးတိုင် ၇ ထောင်ကျော် စိုက်ထူပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် လမ်းမီးတိုင် တစ်သောင်းစိုက်ထူရန် လျာထား

မန္တလေး ၁၈  ဒီဇင်ဘာ 

 

မန္တလေးမြို့တွင် ညဘက်လမ်းအသုံးပြုသူများ အန္တရာယ်ကင်းစွာ သွားလာနိုင်စေရန် လမ်းမီးတိုင် ၇ ထောင်ကျော် စိုက်ထူပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် လမ်းမီးတိုင် တစ်သောင်းစိုက်ထူရန် လျာထားကြောင်း မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

 

7

 

“ အခုလက်ရှိ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့ထိ လမ်းမီးတိုင်အားလုံး ၇၂၅၅ တိုင် စိုက်ထူပြီး ဖြစ်ပါတယ်။ မီးလုံးအားလုံးပေါင်း ၉၄၁၆ လုံး၊ လမ်းမိုင်အားဖြင့် ၁၀၁ မိုင်နီးပါး လမ်းမီးရရှိဖို့ ဆောင်ရွက်ပြီး ဖြစ်ပါတယ်။ ယခုလာမယ့်နှစ်မှာ လမ်းမီးတိုင် ၁ သောင်း စိုက်ထူရန် လျာထား ဆောင်ရွက်နေတာ ဖြစ်ပါတယ်။” ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ အဆောက်အဦးနှင့် ကုန်ရုံ ဌာနမှ ဌာနမှူး ဦးဇော်ဝင်းက ပြောသည်။

 

မန္တလေးမြို့ အဓိကလမ်းမကြီးများ၏ ၇၀ ရာခိုင်နှုန်းကို လမ်းမီးတိုင်များ စိုက်ထူပြီးဖြစ်ကြောင်း၊ လာမည့်နှစ်တွင် ကျန်ရှိနေသော အဓိကလမ်းကြီးများဖြစ်သည့် အရှေ့ဘက် အောင်ပင်လယ် ပတ်လမ်းတွင် ကျန်ရှိနေသော အပိုင်းများ၊ ဧရာဝတီမြစ်ကမ်း လမ်းတစ်လျှောက်နှင့် အခြားလမ်းမကြီးများတွင် လမ်းမီးတိုင်များ စိုက်ထူမည် ဖြစ်ကြောင်း သိရသည်။

 

“ ညပိုင်းအပြင်ထွက်နိုင်သော အခွင့်ရေးရရှိစေရန်၊ ယာဉ်အန္တရာယ်များ ကင်းရှင်းစေရန်၊ ရာဇဝတ်မှုများ လျော့နည်းစေရန် စတဲ့အကျိုးကျေးဇူးတွေ ရရှိလာစေရန် ရည်ရွယ်ပြီး မြို့တော်စည်ပင် သာယာရေးကော်မတီက လမ်းမီးတိုင်တွေကို စီမံချက်ချမှတ်ပြီး သေသေချာချာ စနစ်တကျ ထွန်းညှိနေတာပါ။ ” ဟု မြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးခိုင်မြင့် က ပြောသည်။

 

8

 

အသစ်စိုက်ထူမည့် လမ်းမီးတိုင်များသည် မီးလုံးတစ်ဖက်ပါသည့် မီးတိုင် (Single Arm) တစ်တိုင်လျှင် ၇ သိန်းခွဲကျပ် တန်ကြေးရှိပြီး မီးလုံးနှစ်ဖက်ပါသည့် မီးတိုင် (Double Arm) တစ်တိုင်လျှင် ၁၀ သိန်းကျပ် ကျသင့်ပြီး လှူဒါန်းလိုပါက ပါဝင်လှူဒါန်းနိုင်ပါကြောင်း သိရသည်။

 

တင်ဇာလှိုင်