မန္တလေးမြို့တွင် မြင်းလှည်းပြေးဆွဲသည့်ဓလေ့ ရှိနေသော်လည်း မကြာမီနှစ်များအတွင်း ကွယ်ပျောက်သွားနိုင်

မန္တလေး ၉ မတ် 

 

မန္တလေးမြို့တွင် နောက်ဆုံးကျန်ရှိနေသည့် ၄၁ လမ်းနှင့် ၈၄ လမ်းထောင့်ရှိ မြင်းလှည်းယာဉ်လိုင်းမှာ စီးနင်းခသက်သာသဖြင့် ယနေ့တိုင်ပြေးဆွဲနေရသော်လည်း မကြာမီနှစ်အနည်းငယ်အတွင်း ကွယ်ပျောက်သွားဖွယ်ရှိကြောင်း အဆိုပါမြင်းလှည်းယာဉ်ဂိတ်မှ သိရသည်။

 

အဆိုပါ မြင်းလှည်းယာဉ်ဂိတ်မှာ ၄၁ လမ်းနှင့် ၈၄ လမ်းထောင့်မှ အနောက်ဘက် တာပေါင်အနီးရှိ မိုးကောင်းဈေး၊ စိန်ပန်းရပ်နှင့် ဧရာထွန်းရပ်ကွက်များသို့ သွားလိုသူများ အဓိက အသုံးပြုကြသည်။ ဂိတ်တည်နေရာမှာ စစ်ကိုင်း၊ ရွှေဘို၊ မုံရွာ၊ ချောင်းဦး၊ ရေဦး၊ တန့်ဆည် အစရှိသည့်မြို့များမှ ခရီးသွားများ မန္တလေးမြို့ အနောက်ဘက်ရပ်ကွက်များသို့သွားလာရန် အဓိက အသုံးပြုကြခြင်း ဖြစ်သည်။

 

၄၁ လမ်းနှင့် ၈၄ လမ်းဂိတ်မှ မိုးကောင်းဈေးအထိ ခရီးသည် တစ်ဦးလျှင် ငွေကျပ် ၂၀ဝ သာကျသင့်ပြီး မြင်းလှည်းတစ်စီးလျှင် လူရှစ်ဦးခန့် စီးနင်းနိုင်သည်။ တစ်ရက်လျှင် နံနက်ပိုင်းတွင် တစ်ကြိမ်၊ ညနေပိုင်းတွင် တစ်ကြိမ်၊ စုစုပေါင်းနှစ်ကြိမ်ပြေးဆွဲကြပြီး နေ့လယ်ပိုင်းတွင် မြင်းလှည်းမောင်းသူနှင့်မြင်းများပါ အနားယူကြသည်။ မြင်းလှည်းပြေးဆွဲရန် မြင်းတစ်ကောင် မှာ အနည်းဆုံး ငွေကျပ် ၇၀ဝဝဝဝ ခန့်မှ အများဆုံး ၂၅၀ဝဝဝဝ ထိရှိပြီး မြင်းလှည်းမှာ ငွေကျပ် ၂၀ဝဝဝဝ မှ ၅၀ဝဝဝဝ အထိရှိကြောင်း သိရသည်။ မြင်းလှည်းများကြံ့ခိုင်မှု ပြန်လည်ပြုလုပ်ရန် လိုအပ်လာပါက အင်းဝသို့ပို့ဆောင်ပြင်ဆင်ရပြီး မြင်းခွာသံကွင်းများကို သီးခြားမှာယူတပ်ဆင်ရသည်။

 

မန္တလေးမြို့မှာ ဘတ်စ်ကားလိုင်းအသုံးပြုမှု နည်းပါးပြီး စက်ဘီး၊ ဆိုင်ကယ်၊ ဆိုက်ကားနှင့် မြင်းလှည်းများကို အသုံးပြုမှု များပြားသောမြို့ ဖြစ်၍ ဈေးချိုတော်အပါအဝင် ဈေးများ၊ ဘူတာကြီး၊ ဆေးရုံကြီးနှင့် ကားဂိတ်များတွင် မြင်းလှည်းဂိတ်များဖြင့် တွင်ကျယ်စွာ ဝန်ဆောင်မှုပေးခဲ့သော မြို့ဖြစ်သည်။ ဆိုင်ကယ်တက္ကစီ၊ သုံးဘီးဆိုင်ကယ်နှင့် အခြားသော စက်တပ်ယာဉ်များ ဝင်ရောက်ကာဝန်ဆောင်မှု ပေးလာခြင်းများကြောင့်မြို့ပေါ်တွင် မြင်းလှည်းလုပ်ငန်းတဖြေးဖြေး နည်းပါးလာသော်လည်း ပြည်တွင်းပြည်ပ ဧည့်သည်များလာရောက် လည်ပတ်လေ့ရှိသည့် အင်းဝဒေသတွင် မြင်းလှည်းအရေအတွက် ရာနှင့်ချီ၍ရှိကြောင်းသိရသည်။

 

“ကျွန်တော်တို့ မြင်းလှည်းဂိတ်မှာ မြင်းလှည်း ၁၅ စီးလောက်ပဲ ရှိပါတော့တယ်။ တစ်ရက်ကို ငွေကျပ် ၅၀ဝဝ၊ ၆၀ဝဝ လောက်ရပါတယ်။ မြင်းစာအတွက်က ကျပ် ၂၅၀ဝ လောက်ကုန်ပြီး ကျန်းမာရေးစောင့်ရှောက်မှုလည်း ဆောင်ရွက်ပေးရပါတယ်။ ဒါ့ကြောင့် မြင်းရော၊ လူရော လုပ်ရတဲ့လုပ်ငန်းရဲ့ ဝင်ငွေက အလွန်နည်းပါတယ်။ ကျွန်တော်ကိုယ်တိုင် နှစ် ၃၀ လောက် မြင်းလှည်းမောင်းခဲ့တာမို့ ဝါသနာအရ ဆက်လုပ်နေပေမယ့် နောင်မျိုးဆက်တွေအနေနဲ့ ဆက်လုပ်ဖို့ စိတ်ဝင်စားမှု နည်းကြတယ်။ အခုမြင်းလှည်း မောင်းနေတဲ့သူတွေ အနားယူသွားတဲ့အခါမှာ မန္တလေးမြို့မှာ မြင်းလှည်းပြေးဆွဲတဲ့လုပ်ငန်းလည်း လုံးဝ ရပ်ဆိုင်းသွားနိုင်ပါတယ်” ဟုအဆိုပါ မြင်းလှည်းဂိတ်တွင် မြင်းလှည်းမောင်းသူ ဦးမျိုးဝင်းကပြောသည်။

 

အေးမြ(မန္တလေး)