မန္တလေးမြို့တွင် သက်တမ်း ၁၈၀ ခန့်ရှိ အမရပူရခေတ်လက်ရာ ပြည်ကျောင်းတိုက်ကြီးကို လေ့လာတွေ့မြင်နိုင်

မန္တလေး ၁၀ ဇွန်

 

မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင် ရပ်ကွက်အတွင်းရှိ သာယာဝတီမင်းကြီး၏သားတော် ပြည်မင်းသား ဆောက်လုပ်လှူဒါန်းခဲ့သည့် သက်တမ်း ၁၈၀ နီးပါရှိ အမရပူရခေတ်လက်ရာ သစ်သားဖြင့် ဆောက်လုပ်ထားသည့် မဟာအတုလွတ်ဘုံစံ ပြည်ကျောင်းတိုက်ကြီးနှင့်အတူ ခေတ်အဆက်ဆက် လက်ရာဆင်းတုတော်များနှင့် ပုလ္လင်တော်များကို လေ့လာတွေ့ မြင်နိုင်ကြောင်း သိရသည်။

 

အဆိုပါပြည်ကျောင်းတိုက်ကြီးကို သာယာဝတီ မင်းကြီး၏သားတော် ပြည်မင်းသားမှ သက္ကရာဇ် ၁၂၀၁ ခုနှစ်တွင် ဆောက်လုပ်လှူဒါန်းခဲ့ခြင်းဖြစ်ကာ ယနေ့အချိန်အထိ ပျက်စီးမှုနည်းပါးစွာဖြင့် ရှေးမူမပျက် လေ့လာတွေ့ရှိနိုင်ပြီး ကျောက်တိုက်အတွင်း အပူဇော်ခံ ထားရှိသည့် ဆင်တုတော်များမှာလည်း မုဒြာပုံစံ အမျိုးမျိုးဖြင့် ပုံဖေါ်ထုဆစ်ထားကြောင်း သိရသည်။

 

" ဒီပြည်ကျောင်းတိုက်ကြီးက ရှေးဘုန်းကြီးကျောင်းတွေ ပုံစံအတိုင်း ကျောင်းဦးပြာသာဒ်ဆောင်၊ စနုဆောင်၊ ဇေတဝန်ဆောင် ဆောင်မကြီးတွေပါရှိပေမယ့် ဘောဂဆောင်ပါဝင်ခြင်း မရှိတာကို တွေ့ရတယ်။ ထူးခြားချက်အနေနဲ့က ဇေတဝန်ဆောင်နဲ့ အပြိုင်ဝဲယာမှာ အဆောင်ပွားနှစ်ဆောင် ဖွဲ့စည်းဆောက်လုပ်ထားတာကို တွေ့ရပါတယ်"ဟု အဆိုပါ ပြည်ကျောင်းတိုက်နှင့် ဆင်းတုတော်များကို ထိမ်းသိမ်းစောင့်ရှောက်ထားသည့် ဦးရေဝတက မိန့်ကြားသည်။

 

အဆိုပါ ကျောင်းတော်ကြီးကို ကျွန်းတိုင်ပေါင်း ၁၄၆ တိုင်ဖြင့် ခြေတံရှည်ပုံစံ တည်ဆောက်ထားပြီး အရှေ့ အနောက် ၈၉ ပေနှင့် တောင်မြောက်အကျယ် ၆၉ ပေခန့်ရှိပြီး ကျောင်းဆောင်ကြီး၏ တံခါးပေါက်များကို နတ်ရုပ်များ၊ သိကြားရုပ်တုများ၊ ပန်းပုရုပ်လုံး ရုပ်ကြွများဖြင့် ထုဆစ်တပ်ဆင်ထားသည်။ အခြားဘုန်းတော်ကြီး ကျောင်းများကဲ့သို့ သရက်ကင်းလှေကား ပါရှိခြင်းမရှိဘဲ တောင်ဘက်ရှိ ဇေတဝန်အဆောင်ပွားမှ အတတ်အဆင်းပြုလုပ်ရန်  စောင်းတန်းပါ သစ်သားလှေကား တစ်ခုသာ ပါရှိကြောင်း သိရသည်။

 

" အရင်ခေတ်က အလှူတစ်ခုလုပ်ရင် ဘုန်ကြီးကျောင်းကို ဆင်းတုတော်တစ်ဆူ လှူဒါန်းတဲ့ အလေ့အထတစ်ခုရှိခဲ့တယ်။ အခု အပူဇော်ခံထားရှိတဲ့ ဆင်းတုတော်တွေက ဒီအလှူတွေက ရရှိလာတဲ့ ဆင်းတုတော်တွေပါသလို သီးသန့်လာရောက် လှူဒါန်းတဲ့ ဆင်းတုတော်တွေလဲပါတယ်။  ဘုန်းဘုန်းတို့က ရှေးခေတ် သစ်သားကျောင်းတော်ကြီးလဲ ဖြစ်တယ်။ ခေတ်အဆက်ဆက် ပြုပြင်ထိမ်းသိမ်းမှုတွေကြောင့် ရေနံချေးတွေကလဲ ပြည့်ဝနေတဲ့အတွက် မီးဘေးအန္တရာယ်ကို အထူးဂရုစိုက် စောင့်ရှောက်နေရတယ်။ ရှေးဟောင်းဌာနက လာရောက်ထိန်းသိမ်းတာမရှိပေမယ့် လိုအပ်ရင် အကူအညီတောင်းပါလို့ ပြောထားတယ်" ဟု ဆရာတော်က ဆက်လက် မိန့်ကြားသည်။

 

အဆိုပါကျောင်းတော်ကြီး၏ ဘုရားခန်းအတွင်း ခေတ်အဆက်ဆက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ၊ ပလ္လင်တံကဲများ၊ ရှေးခေတ် စာတိုက်ဗီရိုများ၊ ယွန်းသေတ္တာများ၊ ဇာတ်တော်များ၊ ရုပ်လုံး ရုပ်ကြွများဖြင့် ပုံ ဖော်ထားသည့် ကျွန်းသေတ္တာကြီးများ၊ ပေစာများ၊ ရှေးခေတ် ကြေးခေါင်းလောင်းကြီးများနှင့် ဘုရားဆောင်ကို မွမ်းမံအလှဆင်ထားသည့် အမရပူရခေတ် ကနုတ်ပန်းလက်ရာများကို လေ့လာတွေ့ရှိနိုင်ကြောင်း သိရှိရသည်။

 

မင်းထက်အောင် (မန်းကိုယ်ပွား)