မန္တလေးမြို့တွင်ကျင်းပမည့် မြန်မာ-ထိုင်းချစ်ကြည်ရေး သံဃာအပါး ၃၀ဝ၀ဝ ဆွမ်းဆန်စိမ်း လောင်းလှူပွဲ တွင် ဓါတ်ပုံပြိုင်ပွဲကျင်းပမည်

မန္တလေး    ၂၀     နိုဝင်ဘာ

 

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍  မြန်မာ-ထိုင်း ချစ်ကြည်ရေး သံဃာအပါး (၃၀ဝ၀ဝ) ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ဒီဇင်ဘာလ(၈)ရက်နေ့တွင် မန္တလေးမြို့တွင် ကျင်းပသွားမည်ဖြစ်ရာ မှတ်တမ်းဓါတ်ပုံ ကောင်းများ ရရှိရေး အတွက် ဖိတ်ခေါ်ဓါတ်ပုံပြိုင်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း ဆွမ်းလောင်းပွဲ ဖြစ်မြောက်ရေး  သတင်းနှင့်ပြန်ကြားရေး မီဒီယာနှင့်အသံပိုင်းဆိုင်ရာ ဆပ်ကော်မတီ ထံမှ သိရသည်။

 

အဆိုပါ လောင်းလှူပွဲဓါတ်ပုံပြိုင်ပွဲတွင် မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး ပြိုင်ပွဲဝင် ဓါတ်ပုံ အရွယ်အစားမှာ ၁၀ လက်မ × ၁၅ လက်မ တစ်မျိုးတည်းသာဖြစ်ကာ ပြိုင်ပွဲဝင် တစ်ဦးလျှင် (၅)ပုံ အထိ ယှဉ်ပြိုင်နိုင်ကြောင်း၊ ပြိုင်ပွဲဆုကြေးများကို လည်း ယခင်အကြိမ်ထက် တိုးမြှင့်ကာ ပထမဆု (၇)သိန်း၊ ဒုတိယဆု(၅)သိန်း၊ တတိယဆု(၃)သိန်းနှင့် နှစ်သိမ့်ဆု (၁)ဆုလျှင် (၁)သိန်းနှုန်းဖြင့် (၁၀)ဆုချီးမြှင့်သွားမည် ဖြစ်သည်။

 

ဓါတ်ပုံပြိုင်ပွဲသို့ ပြိုင်ပွဲဝင်မည့် ဓါတ်ပုံဆရာများအနေဖြင့် လိုင်စင်ဒါတ်ပုံ(၂)ပုံနှင့်အတူ မန္တလေးတိုင်း ဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ ဒီဇင်ဘာလ(၂)ရက်နေ့မှ (၆)ရက်နေ့ နေ့လည်(၁၂)နာရီအထိ စာရင်းပေး သွင်းကာ ရိုက်ကူးခွင့်လည်ဆွဲကတ်များ ထုတ်ပေးမည် ဖြစ်သည်။

 

မြန်မာ-ထိုင်း ချစ်ကြည်ရေး ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပရေးကော်မတီအနေဖြင့် ဆွမ်းလောင်း လှူပွဲအပြီးတွင် မှတ်တမ်းစာအုပ် ဆောင်ရွက်ရာတွင် ဆွမ်းလောင်းလှူပွဲကြီး၏ မှတ်တမ်းအပြည့်အစုံ ပါရှိစေရန်အတွက်  ဒီဇင်ဘာလ (၈)ရက်နေ့ ဆွမ်းဆန်စိမ်း လောင်းလှူမှု အပြင် ကြိုတင်ပြင်ဆင်မှုများ၊ ဆောင်ရွက်ချက်များကိုလည်း ရိုက်ကူးယှဉ်ပြိုင် နိုင်ကြောင်း သိရသည်။ 

 

 (ထွန်းထွန်းနိုင်)