မန္တလေး၌ COVID-19 ကြောင့် သနပ်ခါးအရောင်းပွဲတော်နှင့် သနပ်ခါးလှပျိုမေပြိုင်ပွဲအား ရက်ရွှေ့ဆိုင်း

မန္တလေး   ၉  မတ်

 

COVID-19 ကြောင့် မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားတွင် မတ် ၂၇ ရက်မှ ၂၉ ရက်အထိ ကျင်းပမည့် သနပ်ခါး အရောင်းပွဲတော်နှင့် သနပ်ခါးလှပျိုမေပြိုင်ပွဲအား ရက်ရွှေ့ဆိုင်းလိုက်ကြောင်း မြန်မာ့သနပ်ခါး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။

 

COVID-19 ဗိုင်းရပ်စ်ကြောင့် ရက်ရွှေ့လိုက်တာပါ၊ အကုန်လုံး လုပ်ကိုင်ပြီးသားဆို ရက်ရွှေ့ရတာ ခက်သွားမှာမို့ပါ၊ တစ်ခြားနိုင်ငံတော်အဆင့်ပွဲတွေ၊ အကယ်ဒမီပေးပွဲတွေတောင် ရက်ရွှေ့နေပြီ၊ ဘယ်နေ့ပြန်လည် ကျင်းပမည်ဆိုတာတော့ မသတ်မှတ်ရသေးပါဘူးဟု မြန်မာ့သနပ်ခါး စိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးကျော်မိုးက ပြောသည်။

 

မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်ကို ဖော်ထုတ်ခြင်းနှင့် မြန်မာအမျိုးသမီးများ သနပ်ခါးကို မြတ်နိုးတန်ဖိုး ထားတတ်လာစေရန်၊ မြန်မာ့သနပ်ခါးဈေးကွက် ပိုမိုဖွံ့ဖြိုးစေရန်နှင့် ပြည်ပနိုင်ငံများအထိ အဆင့်မြှင့်ထုတ်ကုန်အဖြစ် တင်ပို့နိုင်ရန်စသည့် ရည်ရွယ်ချက်များဖြင့် သနပ်ခါးအရောင်းပွဲတော်နှင့် သနပ်ခါးလှပျိုမေပြိုင်ပွဲအား တတိယအကြိမ်မြောက် ကျင်းပနိုင်ရန် စီစဉ်ထားသော်လည်း လတ်တလော ကမ္ဘာ့နိုင်ငံတော်တော်များများတွင် ဖြစ်ပွားနေသော COVID-19 ဗိုင်းရပ်စ်ရောဂါကြောင့် ရက်ရွှေ့ဆိုင်း လိုက်ရခြင်း ဖြစ်ကြောင်း သိရသည်။

 

အလားတူ COVID-19 ဗိုင်းရပ်စ်ရောဂါကြောင့် မန္တလေးမြို့တွင် မတ် ၂၅ ရက်မှ ၂၇ ရက်အထိ ကျင်းပမည့် The 2nd  Mandalay International Trade Fair & Business Forum 2020 ပွဲကိုလည်း ရက်ရွှေ့ဆိုင်းထားကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)