မန္တလေးပန်တျာနှင့် ကဗျာလွတ်

ဆူးငှက်

ပဥမသင်္ဂါယနာတင် မင်းတုန်းမင်းကြီးလက်ထက်တော်မှာ မန္တလေးရွှေနန်းတော်တွင်းက ‘ဝါ၊ ဂီ၊ နစ်’ လို့ခေါ်တဲ့ သုခုမအနုပညာတွေဟာ အလွန်ပဲစည်ပင်ခဲ့ပါတယ်။ ပုဂံ၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင်ဆိုသလို ခေတ်အဆက်ဆက် ဖြစ်ထွန်းခဲ့တဲ့ မြန်မာ့အနုပညာတွေဟာလည်း မန္တလေးရတနာပုံခေတ်မှာ အမြုတေပမာ ခိုင်မာကျစ်လျစ်မြင့်မားခဲ့ပါပြီ။

ဒီလိုမြင့်မားခဲ့တဲ့ လူမျိုးရဲ့ ယဉ်ကျေးမှုရေချိန်ဟာ ပါတော်မူပြီးနောက် သူ့ကျွန်သပေါက်ရောက်ချိန် တိုင်းတစ်ပါးယဉ်ကျေးမှုတွေ ထွန်းကားလာလေတော့ အမြော်အမြင်ကြီးတဲ့ မန္တလေးသား ဂီတသဘင်မှုပညာရှင်ကြီးတွေက မန္တလေးမှာ ‘မဟာဂီတတက္ကသိုလ်ကြီး’ ကို ဖွဲ့ခဲ့ကြတယ်။ ဒီ့နောက် ပညာရှင်များ စုပေါင်းကာ မဟာဂီတ အရိုးအသား အဆီအနှစ်များ ဖော်ထုတ်မှတ်တမ်းတင်ကြသလို အဲဒီနောက် လူငယ်များအတွက်လည်း ‘မဟာဂီတသင်တန်းကျောင်း’ ကို မန္တလေး ရှမ်းပွဲရပ်က သဘင်သမဂ္ဂမှာ ကိုယ့်ချွေးနှဲစာနဲ့ စုဆောင်းပြီး ဖွင့်လှစ်ခဲ့ကြတယ်။

လွတ်လပ်ရေးရပြီးနောက် အဲဒီမဟာဂီတအခြေခံအုတ်မြစ် လုပ်ဆောင်ချက်တွေကနေပြီး သက်ဆိုင်ရာ လူကြီးများရဲ့ အမြော်အမြင်ကြီးမှုနဲ့ ၁၉၅၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှာပဲ မန္တလေးပန်တျာနှင့် အနုပညာသင်ကျောင်းကို ၈၃ လမ်း ၃၄ လမ်းနဲ့ ၃၅ လမ်းကြားက မီးသတ်အဆောက်အအုံဟောင်းမှာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

မန္တလေးပန်တျာနှင့် အနုပညာသင်ကျောင်း

မန္တလေးပန်တျာနှင့် အနုပညာသင်ကျောင်းကို စတင်ဖွင့်လှစ်တော့ ကျောင်းအတွက် စီမံအုပ်ချုပ်ကြသူတွေက မန္တလေးက မြန်မာပညာရှိကြီး ရွှေပြည်ဦးဘတင်နောက် ယောမင်းကြီး ဦးဘိုးလှိုင်ရဲ့မြေး မဟာဂီတပညာရှင် ရှေ့နေကြီး ဦးခင်မောင်ဒွေး၊ နောက် မြန်မာပညာရှိကြီး စည်သူမောင်မောင်ကျော်၊ မန္တလေး တက္ကသိုလ်ကျောင်းအုပ်ကြီး ဇေယျာမောင် (ခေါ်) ဦးကိုလေး...။ ဒီပညာရှင်ကြီး လေးယောက်ဦးဆောင်မှုနဲ့ မန္တလေးပန်တျာနှင့် အနုပညာသင်ကျောင်းကို ဖွင့်လှစ်တော့ ပထမဦးဆုံးသင်တန်းနည်းပြဆရာတွေကို အထပ်ထပ်စိစစ် ဆန်ခါတင် ရွေးချယ်ခဲ့ကြတယ်။ အရွေးချယ်ခံရတဲ့ အနုပညာသူရဲကောင်းတွေကဖြင့် အမျိုးသား အကသင်တန်းနည်းပြအတွက် မင်းသားရွှေဒေါင်းညို၊ ကြိုးတပ်တူရိယာအတွက် ဦးကျွယ်နှင့် ဦးချစ်ထွေး၊ အမျိုးသားအဆိုအတွက် ဆရာထူး၊ စန္ဒရားနဲ့ ပတ္တလားအတွက် ဆရာဘကလေး၊ စောင်းကောက်အတွက်ဒေါ်မေ၊ ပန်းချီအတွက် ဦးဘသက်ကို ပြိုင်ဘက်မရှိရွေးချယ်နိုင်ခဲ့တယ်။

သြဘာသောင်းနှင့် ကဗျာလွတ်

အရေးတကြီး နေရာတစ်နေရာဖြစ်တဲ့ အမျိုးသမီး အကသင်တန်းအတွက် ရွေးချယ်ကြဖို့ကိုတော့ ယှဉ်ပြိုင်ရွေးချယ်ရမယ့် မင်းသမီးတွေက မင်းသားဗန္ဓုလဘသာရဲ့ ဇနီး မင်းသမီး အောင်ညွန့်မေ၊ ဗဟိုရ်စည်မမြကလေး၊ လှကလေးစိန်နဲ့ သြဘာသောင်းတို့ဖြစ်နေလေတော့ ပညာရှိလူကြီးမင်းများ အကြိမ်ကြိမ် စဉ်းစားတွေးခေါ်ပြီးသကာလ နန်းတွင်းအစဉ်အဆက် မင်းသမီးအက မင်းသမီးပညာ ကျွမ်းကျင်ခဲ့တဲ့မင်းသမီးကြီး ဒေါ်ထွေးလေးရဲ့ လက်ရင်းတပည့်၊ နန်းတွင်း အီနောင်မင်းသား ကိုစံတုတ်က ကန့်ကူ-လက်လှည့် နန်းတွင်းအကတွေ သင်ကြားပေးခဲ့တဲ့အကမင်းသမီး သြဘာသောင်းကို အငြင်းအပွားမရှ ိရွေးချယ်ခဲ့ကြပါတယ်။ လှကလေးစိန်ကိုတော့ ဂီတမယ်ဆိုတဲ့ ဂုဏ်ထူးနဲ့အညီ အမျိုးသမီးအဆိုနည်းပြခန့်ခဲ့တယ်။

ဒီလိုနဲ့ မန္တလေးပန်တျာမှာ သြဘာသောင်းက အမျိုးသမီးအက နည်းပြဖြစ်လေတော့...။ အမျိုးသမီး အက သင်ရိုးကလည်း မရှိ...။ အိုးစည်ပဲ ကခိုင်းရမလို၊ ဒိုးပတ်ပဲကခိုင်းရမလို၊ အပျိုတော်ပဲ ကခိုင်းရမလို ဖြစ်နေချိန်ဗုံလေးလုံးသံစဉ် အခြေခံနဲ့ အမျိုးသမီးကကွက်တွေကို ရွာစားစိန်လှမောင်ကို ဒိုးချက် ဒိုးကွက်တွေမှတ်သားခိုင်းပြီး သြဘာသောင်းက တီထွင်ခဲ့ပါတယ်။ ဒီကကြိုးကကွက်တွေကို ထိုစဉ်က ယဉ်ကျေးမှုဝန်ကြီး ဗိုလ်ခင်မောင်ကလေးက ‘ကဗျာလွတ်အက’ ရယ်လို့ အမည်ပေးခဲ့တာ မဟုတ်ပါလားခင်ဗျာ။

မန္တလေးပန်တျာက စိုက်ထူလိုက်တဲ့အထင်ကရမှတ်တိုင်

မန္တလေးပန်တျာမှာ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်ရယ်လို့ သုံးနှစ်ပညာသင်ကြားကြရာမှာ အမျိုးသမီး အက သင်တန်းအတွက်ပထမနှစ်မှာ ကဗျာလွတ်ပထမအဆင့် ၂၅ ကွက်နဲ့ အဲဒီကကွက် ၂၅ ကွက်ကို အခြေခံတဲ့ သီချင်းတေးသွားသရုပ်ဖော် ကကြိုးကကွက်တွေ၊ ဒုတိယနှစ် ရောက်တော့ဒုတိယအဆင့် ကဗျာလွတ်ကကွက် ၂၅ ကွက်နဲ့ ဒီကကြိုးတွေအခြခံပြီး ကရတဲ့ တီးလုံး တေးသွားတွေ စသည်ဖြင့်တတိယနှစ်မှာလည်း တတိယ အဆင့်ကဗျာလွတ် ၂၅ ကွက်နဲ့ အငြိမ့်ကကြိုးတွေ စနစ်တကျ သင်ကြားပေးခဲ့တာကလည်း မြန်မာ့အက သမိုင်းမှာ မန္တလေးနဲ့ မန္တလေးပန်တျာက စိုက်ထူလိုက်တဲ့ အထင်ကရ မှတ်တိုင်ကြီးပါပဲ

ကဗျာလွတ် ပထမအဆင့်မှာ အခြေခံစည်းဝါးတွေနဲ့ ကပြနိုင်တဲ့ အခြေခံအကတွေဖြစ်သလို ဒုတိယအဆင့်မှာတော့ အရုပ်ကြိုးအကတွေလို ကနိုင်တဲ့အကတွေပါတယ်။ တတိယအဆင့်မှာတော့ ဖြိုးဖြိုးဖျပ်ဖျပ်၊ သွက်သွက်လက်လက် ကပြနိုင်မယ့်အငြိမ့်ကကြိုးတွေ ပါခဲ့တယ်မဟုတ်ပါလား။

ဂုဏ်ထူးတန်း နှစ်နှစ်စာအတွက်

အကယ်၍ နောင်များ ပန်တျာမှာ ဂုဏ်ထူးတန်းခေါ်တဲ့မာစတာ (master) တန်းတွေ တိုးချဲ့ဦးမယ်ဆိုရင် အဆင်သင့်ဖြစ်နေစေဖို့ နောက်ထပ် အဆင့်မြင့် ကကြိုး ကကွက် အဆင့်နှစ်ဆင့်ကိုလည်း ဂုဏ်ထူးတန်း နှစ်နှစ်စာအတွက် ဆရာမကြီး ဒေါ်သြဘာသောင်းက ထပ်မံတီထွင်ခဲ့ပြန်ပါသေးတယ်။ ပန်တျာမှာ မသင်ကြားရဖူးသေးတဲ့ အဲဒီကဗျာလွတ် စတုတ္ထအဆင့်နဲ့ ပဉ္စမအဆင့် ကကြိုးကကွက်တွေကို ဟောဒီက ဆရာမကြီးရဲ့ နောက်ဆုံးတပည့်ဖြစ်တဲ့ ဒေါ်ခင်ဝင်းနွယ်ကို ဆရာမကြီးကိုယ်တိုင် ရင်အုပ်မကွာ အိမ်မှာခေါ်ထားပြီး လက်ပူးလက်ကျ သင်ကြားပေးခဲ့ပါပြီ။

ဒီအခြေခံတွေတတ်ရင် မြန်မာသီချင်း ဘယ်စည်းဝါးမဆို ကလို့ရတယ်

၁၉၆၇ မတ်လ ၂ ရက်နေ့ ရန်ကုန် အိမ်တော်ဝင်းအတွင်း တောင်သူလယ်သမားနေ့ ဂုဏ်ပြု ညစာစားပွဲမှာ မန္တလေးပန်တျာက ဆရာမကြီးဒေါ် သြဘာသောင်း ၏တပည့် မခင်ဝင်းနွယ်ကပြတဲ့ ကကွက်တွေကို တော်လှန်ရေးကောင်စီဥက္ကဋ္ဌက စိတ်ဝင်စားလို့ မေးမြန်းတော့ ဒေါ်သြဘာသောင်းက ဒါမြန်မာအမျိုးသမီးအက အခြေခံတွေပဲ။ ဒီအခြေခံတွေတတ်ရင် မြန်မာသီချင်း ဘယ်စည်းဝါးမဆို ကလို့ရတယ်လို့ ဖြေကြားတော့ ဥက္ကဋ္ဌကြီးက ဟုတ်ပြီ။ ကျွန်တော်လိုချင်တာ ဒါပဲလို့ပြောဆိုခဲ့ပါတယ်။ မခင်ဝင်းနွယ်ကို မန္တလေးအနုပညာ၊ ပန်တျာနှင့် အကကျောင်းမှာ ၁၄-၃-၆၇ ရက်နေ့က အကနည်းပြဆရာမအဖြစ် ခန့်ထားခဲ့ပြီး ၁၉၆၇ ဧပြီလမှာတော့ တော်လှန်ရေးကောင်စီဥက္ကဋ္ဌကြီးက ဒေါ်သြဘာသောင်းရဲ့ ကဗျာလွတ်အက အဆင့် ၅ ဆင့်၊ ကကွက် ၁၂၅ ကွက်ကို ဓာတ်ပုံ၊ ပန်းချီ၊ ရုပ်ရှင်တွေနဲ့မှတ်တမ်းတင်ပြီး အကသင်ရိုးများအဖြစ် ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်ရန် နှုတ်မိန့်ပေးခဲ့ပါတယ်။ ဒါကြောင့်၂၆-၄-၆၇ ရက်နေ့မှာပဲ ရန်ကုန်မြို့၊ ယဉ်ကျေးမှုရိပ်မြုံဝင်းအတွင်း ယဉ်ကျေးမှုကောင်စီ ခန်းမမှာ ကဗျာလွတ်အက မှတ်တမ်းတင်ခြင်း စတင်ခဲ့တာပါ။

ပန်းချီကောက်ကြောင်းနဲ့ မှတ်တမ်းတင်စဉ်

၁၉၆၇ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့မှာ “အငြိမ်းစား အကနည်းပြဆရာမကြီး ဒေါ် သြဘာသောင်း၏ အခြေခံကကြိုးကွက်များကအစ ကနည်းကဟန် အမျိုးမျိုးတို့ကိုရုပ်ရှင်၊ ရုပ်သေတို့ဖြင့် ကပြမှတ်တမ်းတင်၍ တစ်ဆင့်ဖြန့်ဖြူးသင်ကြားရာ၌ ဒေါ် သြဘာသောင်း၏ ကကြိုးကဟန်များကို သင်ရိုးအတိုင်း စနစ်တကျ သင်ကြားကပြနိုင်သူ” ဆိုတဲ့ ရည်ညွှန်းချက်နဲ့ မခင်ဝင်းနွယ်ကို ယဉ်ကျေးမှုကောင်စီ အက်ဥပဒေပုဒ်မ ၁၁ (၁) အရ ယဉ်ကျေးမှုကဇာတ်အဖွဲ့တွင် ကဟန်ပြအမျိုးသမီးအဖြစ် ခန့်ထားခဲ့ပါတယ်။ ဒါပေမယ့် ၂၉-၆-၆၇ ရက်နေ့မှာတော့ ကဗျာလွတ်ကကွက်တွေကို ပန်းချီကောက်ကြောင်းနဲ့ မှတ်တမ်းတင်စဉ် ဒေါ်သြဘာသောင်း၏ ကျန်းမာရေးကိုအကြောင်းပြပြီး မန္တလေးကို ပြန်စေခဲ့ပါတယ်။ ဒီနောက် ၁၉၆၉ သြဂုတ် ၁ ရက်နေ့ကစပြီး မန္တလေးပန်တျာကျောင်းမှာပဲ ကဗျာလွတ်အက မှတ်တမ်းတင်ခြင်းကို ဆက်လက်ဆောင်ရွက်ပြန်ပါတယ်။ အရှိန်မှ မရသေးဘူး။ ၁၉၆၉ ခုနှစ် သြဂုတ် ၁၄ မှ ၂၃ ရက်အထိသင်ရိုးညွှန်းတမ်း အစည်းအဝေးများ ကျင်းပရန်အတွက်ဆိုပြီး မှတ်တမ်းတင်ခြင်း ခေတ္တရပ်စေပြန်ပါတယ်။

မှတ်တမ်းတင်လုပ်ငန်းကို ရပ်ဆိုင်းခဲ့

ဒါကြောင့် ၁၉၇၀ ပြည့်နှစ် ဇွန်လ - ကဗျာလွတ်ပထမအဆင့်မှ ပဉ္စမအဆင့်အထိ ကကွက်ပေါင်း ၁၂၅ ကွက်ကိုပန်းချီကောက်ကြောင်း၊ ဓာတ်ပုံတို့ဖြင့် ရန်ကုန်နှင့်မန္တလေးတို့၌ မှတ်တမ်းတင်ခဲ့ရာ ပန်းချီအနေနှင့် ၁၆၁၇ ပုံ၊ ဓာတ်ပုံဖြင့် ပထမအဆင့်၌ ၂၈၅ ပုံ၊ ဒုတိယအဆင့် ၅၁၆ ပုံ၊ တတိယအဆင့် ၉၃၆ ပုံ၊ စတုတ္ထအဆင့် ၁၅၅၄ ပုံ၊ ပဥမအဆင့် ၁၃၉၃ ပုံ မှတ်တမ်းတင်ခဲ့ပြီး ဗဟိုရုပ်ရှင်ကလည်း ရုပ်ရှင်ဖြင့် အကြမ်းမှတ်တမ်းတင်ရိုက်ကူး ခဲ့သည်။ စာဖြင့်မှတ်တမ်းတင်ခြင်း၊ ဓာတ်ပုံ၊ ပန်းချီပုံများ စိစစ်ခြင်း၊ စီစဉ်ခြင်း၊ အချောသပ် စာအုပ်ပြုစုခြင်းများ ဆက်လက် မဆောင်ရွက်တော့ဘဲ မှတ်တမ်းတင်လုပ်ငန်းကို ရပ်ဆိုင်းခဲ့တော့တာပါ။ မှတ်တမ်းတင်ခြင်း လုပ်ငန်းရပ်ဆိုင်းသွားပြီးနောက် ဒေါ်သြဘာသောင်း မှာ အသက်အရွယ်ကြီးရင့်ချိန်၊ မပြီးပြတ်ဘဲ ရပ်ဆိုင်းတဲ့ လုပ်ငန်းအပေါ် စိတ်မကောင်းခြင်းကြီးစွာ ခံစားခဲ့ရတာ ၁၃-၁-၇၁ ရက်နေ့ ကွယ်လွန်တဲ့ အချိန်ထိလို့ပြောရမလိုပါပဲ။

အဖိုးတန်ဒြပ်မဲ့ယဉ်ကျေးမှု

၁၉၇၀ ပြည့်နှစ်ကတည်းက ဆောင်ရွက်ခဲ့တဲ့ မန္တလေးပန်တျာကျောင်းက အကနည်းပြဆရာမကြီး ဒေါ် သြဘာသောင်းရဲ့ အမျိုးသမီးကဗျာလွတ်အကများ ဒေါ်သြဘာသောင်းရဲ့ ၁၂၅ ကွက်ဆိုတဲ့ အဖိုးတန်ဒြပ်မဲ့ ယဉ်ကျေးမှုတစ်ခုဟာ ဒေသစွဲ ပုဂ္ဂိုလ်စွဲ အာဃာတများကြောင့် ဆုံးရှုံးခဲ့ရပါပြီ။ ကဗျာလွတ် ပထမအဆင့်မှ ပဉ္စမအဆင့်အထိ ကကွက်ပေါင်း ၁၂၅ ကွက်ကို ပန်းချီကောက်ကြောင်း၊ ဓာတ်ပုံတို့ဖြင့် ရန်ကုန်နှင့် မန္တလေးတို့မှာ မှတ်တမ်းတင်ခဲ့တဲ့ ပန်းချီအနေနှင့် ၁၆၁၇ ပုံ၊ ဓာတ်ပုံနဲ့ ပထမအဆင့် ၂၈၅ ပုံ၊ ဒုတိယအဆင့် ၅၁၆ ပုံ၊ တတိယအဆင့် ၉၃၆ ပုံ၊ စတုတ္ထအဆင့် ၁၅၅၄ ပုံ၊ ပဥမအဆင့် ၁၃၉၃ ပုံ နဲ့ ဗဟိုရုပ်ရှင်ရဲ့ အကြမ်းမှတ်တမ်းတင်ရိုက်ကူးခဲ့တဲ့ ဖလင်တွေတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေမှာတော့ ရှိသေးတန်ကောင်းရဲ့လေ။

ကြေးမုံ

 

mdn