မန္တလေးရှိ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အမျိုးအစား ၇၅ ခုကို စာရင်းကောက်ယူထား

မန္တလေး ၂၀ ဇူလိုင်

 

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)၏ မှတ်တမ်းတင် စာရင်းကောက်ယူပြီးသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း ၇၅ ခု ရှိကြောင်း သိရသည်။ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုသည်မှာ လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံ၊ လူတစ်စုက လက်ခံသည့် အစဉ်အလာ၊ ဓလေ့ထုံးတမ်း၊ ဖန်တီးမှုအတက်ပညာများကို ဆိုလိုခြင်းဖြစ်သည်။

 

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)၏ စာရင်းများအရ ပါးစပ်ရာဇဝင်နှင့် ဖော်ပြချက် ဘာသာစကားများ၊  ဖျော်ဖြေမှုအနုပညာများ၊ လူမှုရေးအစဉ်အလာ အလေ့အထများ၊ သဘာဝနှင့် စင်္ကြဝဠာဆိုင်ရာ ဗဟုသုတနှင့် ရိုးရာအစဉ်အလာ အလေ့အထများ၊ ရိုးရာလက်မှု ပညာရပ်များ စသဖြင့် ခွဲခြားထားသည်။

 

‘၃၀ ရက်နေ့မှာတော့ အမျိုးသားအဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ကော်မတီ အစည်းအဝေး ရှိပါတယ်။ အဲဒီမှာ မန္တလေးတိုင်းဒေသကြီးရဲ့စာရင်းကို အတည်ပြုဖို့ တင်ပေးရမှာဖြစ်ပါတယ်။ အဲဒီမှာ ရွေးချယ်ပေးရမှာက  ယူနက်စကိုတင်ဖို့စာရင်းကိုရွေးချယ်ပေးရပါမယ်’ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ) ၊ ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးဝင်းမှပြောသည်။

 

ဖျော်ဖြေမှုအနုပညာတွင် မြန်မာ့ရုပ်သေး၊ မြို့မတူရိယာအသင်း၊ မာဃလုလင်ဗြော တို့ကို စာရင်းကောက်ယူထားကြောင်း သိရသည်။ လူမှုရေးအစဉ်အလာအလေ့အထနှင့် ရိုးရာဓလေ့များတွင် သဲပုံစေတီပွဲ၊ တောင်ပြုံးပွဲ၊ ဝါဆိုခြင်းအလှခတ်ပွဲ၊ ရတနာ့ဂူပွဲ၊ ရှင်ပြုနားသအလှူတော်မင်္ဂလာ၊ ရှင်မာလဲဘုရားပွဲ၊ ဆင်ပွဲတော်၊ ကျောက်တော်ကြီးဘုရားပွဲ၊ ဝါခင်းကုန်းဘုရားပွဲ၊ မဟာမြတ်မုနိဘုရားပွဲ၊ အိုးပုတ်ပွဲ၊ လှေဦးတိုက်ပွဲတော်၊ ရွှေစာရံဘုရားပွဲ၊ ထီးတင်ပွဲ၊ ညောင်ရေသွန်းပွဲ၊ မန္တလေးသင်္ကြန်ပွဲ၊ ဆံရစ်ဝိုင်း၊ ဆံတောက်ဆင်ယင်ထုံးဖွဲ့မှု ၊ တန်ဆောင်တိုင်ပံ့သကူပွဲ တို့ကို စာရင်းပြုစုထားကြောင်းသိရသည်။

 

သဘာဝနှင့် စင်္ကြာဝဠာဆိုင်ရာ ဗဟုသုတနှင့် ရိုးရာအစဉ်အလာအလေ့အထများတွင် မြန်မာ့တိုင်းရင်းဆေးကို ထည့်သွင်းထားကြောင်းသိရသည်။ ရိုးရာလက်မှုပညာရပ်များတွင် မန္တလေးကျောက်ဆစ်လုပ်ငန်း၊ စက္ကူခေါင်းပွလုပ်ငန်း၊ ပျူပုတီးစေ့လုပ်ငန်း၊ ကြေးသွန်း၊ သံထီး၊ ရွှေထီး၊ တမ္ပဝတီရပ် ကြေးသွန်းလုပ်ငန်း၊ သစ်သီးယိုစုံလုပ်ငန်း၊ မုန့်စိမ်းပေါင်းလုပ်ငန်း၊ ရွှေပွားစက္ကူလုပ်ငန်း၊ ပုန်းရည်ကြီးလုပ်ငန်း၊ မုန့်လင်မယား စသဖြင့် ၇၅ မျိုး စာရင်းပြုစုထားကြောင်း သိရသည်။

 

ယခုကောက်ယူထားသည့် စာရင်းများနှင့်ပတ်သက်ပြီး ရတနာပုံတက္ကသိုလ် ရှေးဟောင်းသုတေသနဌာနမှ ပါမောက္ခဌာနမှူး ဒေါ်တင်တင်ဝင်းက ‘ရိုးရာလက်မှု ပညာရပ်တွေမှာ စားသောက်ကုန်တွေနဲ့ရောပြီး တွေ့ရတယ်။ အစားအစာ မုန့် ကြည့်ပဲသပ်သပ်၊ ဒြပ်မဲ့ယဉ်ကျေးမှုကို သီးခြားခေါင်းစဉ်လေးတွေခွဲမယ်ဆိုရင် ပိုပြီးကောင်းပါမယ်။ ဖျော်ဖြေမှုအနုပညာမှာ ဆိုရင်လည်း အများကြီးကျန်ပါသေးတယ်’ ဟု သူ့၏အမြင်ကို ပြောသည်။

 

မြန်မာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန် အတွက် မြန်မာနိုင်ငံရှိ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ အချက်အလက်များကို ၂၀၁၄ ခုနှစ်ကစတင်ပြီး စာရင်းကောက်ယူလျက်ရှိသည်။

 

အိမို့မို့ခိုင်