မန္တလေးသံစဉ် ဂန္ထဝင်ပုံရိပ်နှင့် မငြိမ်းချမ်းလို့မဖြစ်ဘူး ဂီတပွဲတော် ဇန်နဝါရီ ၄ ရက်တွင် ကျင်းပမည်

မန္တလေး ၃၀ ဒီဇင်ဘာ

 

မန္တလေးဒေသခံ မြို့မိမြို့ဖများနှင့် မန္တလေးအခြေစိုက် တိုင်းရင်းသားလူမျိုးစုများအဖွဲ့တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် မန္တလေးသံစဉ် ဂန္ထဝင်ပုံရိပ်နှင့် မငြိမ်းချမ်းလို့မဖြစ်ဘူး ဂီတပွဲတော်ကို ဇန်နဝါရီ ၄ ရက် (လွတ်လပ်ရေးနေ့) ည ၇ နာရီတွင် မန္တလေးမြို့ အမျိုးသားကဇာတ်ရုံတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ မန္တလေးသံစဉ် ဂန္ထဝင်ပုံရိပ်နှင့် မငြိမ်းချမ်းလို့မဖြစ်ဘူး ဂီတပွဲတော် ကျင်းပရန်အတွက် သတင်းစာရှင်းလင်းပွဲကို ယနေ့ နံနက် ၁၀ နာရီက မန္တလေးမြို့ ၆၂ လမ်းရှိ၊ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းရုံးတွင် ပြုလုပ်ခဲ့ပြီး ပွဲတော်ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ၊ မန္တလေးအခြေစိုက် တိုင်းရင်းသားလူမျိုးစုများအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်မောင်မြင့်က လွတ်လပ်ရေးရပြီးနောက် မြန်မာ့သမိုင်းကြောင်းတွင် အကြောင်းအမျိုးအမျိုးကြောင့် မငြိမ်းချမ်းသည့်ဖြစ်စဉ်များဖြင့် ဖြတ်သန်းရင်ဆိုင်နေရသည့်အတွက် ငြိမ်းချမ်းရေးကို ပြည်သူအားလုံးက အထူးလိုလားနေကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေးအတွက် လိုအပ်နေသည့် စည်လုံးညီညွတ်မှုကို ဂီတအနုပညာဖြင့် ပြည်သူများ၏ နှလုံသားထဲသို့‌‌ ရောက်ရှိစေရန် မငြိမ်းချမ်းလို့မဖြစ်ဘူး ဂီတပွဲတော်ကို စီစဉ်ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

''အခုကျင်းပမယ့် မငြိမ်းချမ်းလို့မဖြစ်ဘူး ဂီတပွဲတော်ဟာ ကျွန်တော်တို့တစ်သက် မန္တလေးမှာ အကြီးကျယ်ဆုံးပွဲ ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ ဒါကြောင့် ဒီသီချင်းရဲ့အနှစ်သာရကို မန္တလေးရဲ့ ယဉ်ကျေးမှု၊ မန္တလေးရဲ့ ပုံရိပ်ဟန်တွေနဲ့ ပိုမိုပေါ်လွင်အောင် ဖျော်ဖြေတင်ဆက်သွားမှာ ဖြစ်တဲ့အတွက် ဒီပွဲတော်မှာ မီဒီယာသမားများလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ပေးမယ်ဆိုရင် စည်စည်ကားကား ထည်ထည်ဝါဝါ ခံ့ခံ့ညားညားနဲ့ သီချင်းရဲ့ အဓိပ္ပာယ်အနှစ်သာရနဲ့အညီ ဂန္ထဝင်မြောက်ဖြစ်သွားမယ်လို့ ယုံကြည်ပါတယ်'' ဟု မန္တလေးဒေသခံ မြို့မိမြိုဖ ဦးသိန်းတန်က ပြောသည်။

 

အဆိုပါ မငြိမ်းချမ်းလို့မဖြစ်ဘူး ဂီတသံစဉ်သီချင်းသည် ငြိမ်းချမ်းမှုမရှိသည့် ဖြစ်စဉ်များကို လက်တွေ့ခံစားခဲ့ရသည့် ကယားပြည်နယ်မှ စတင်ပေါက်ဖွားလာခဲ့ကြောင်း၊ တစ်နိုင်ငံလုံးငြိမ်းချမ်းမှု ရရှိစေရန်အတွက် မငြိမ်းချမ်းသည့် ဖြစ်စဉ်များတွင် ပါဝင်သူအားလုံး၏ နှလုံးသားတွင် အတ္တ၊ မာနနှင့် မတူကွဲပြားမှုများကို လျော့ချနိုင်စေရန် ရည်ရွယ်၍ အဆိုပါသီချင်းကို တေးရေးဆရာ သစ်လွင်အောင်မှ လက်တွေ့ခံစားရမှုနှင့် ရင်တွင်းဖြစ်ပေါ်မှုများကို ပေါင်းစပ်ခံစားရေးဖွဲ့ပြီး အဆိုတော် ဒေသခံ ကယန်းတိုင်းရင်းသူ နော်ဂူးဂူးနှင့် ဒေသခံ တီးဝိုင်ငယ်လေးဖြင့် စတင်သီဆိုတီးခတ်ကာ အဆိုပါသီချင်း စတင်ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း ကယန်းတိုင်းရင်းသား လူမျိုးစုအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမော်က ပြောသည်။

 

မန္တလေးသံစဉ် ဂန္ထဝင်ပုံရိပ်နှင့် မငြိမ်းချမ်းလို့မဖြစ်ဘူး ဂီတပွဲတော်တွင် သီချင်းစာသား၏ အနှစ်သာရကို ပေါ်လွင်စေရန် ဇာတ်ညွှန်းရေးဖွဲ့ စုစည်း၍ သရုပ်ဖော်တင်ဆက်မည့် စာရေးဆရာ ဆူးငှက်ကလည်း ''ဒီသီချင်းရဲ့ သံစဉ်နဲ့စာသားက အင်မတန် အနှစ်သာရရှိတယ်။ ကျွန်တော်တို့နိုင်ငံက ဒီလိုသာငြိမ်းချမ်းမှုမရှိဘဲ ဆက်လက်ဖြစ်သွားမယ်ဆိုရင် နောင်မျိုးဆက်သစ်တွေ လက်ထက်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးဆိုတာ ပျောက်ကွယ်သွားလိမ့်မယ်။ ဒီသီချင်းစာသားထဲမှာလည်း ဒီလိုသာ မငြိမ်းချမ်းတော့ဘူးဆိုရင် တိုင်းပြည်မဲ့တဲ့ လူမျိုးဖြစ်တော့မယ်လို့ သီဆိုထားပါတယ်။ ဒါကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေ မျိုးဆက်သစ်လူငယ်တွေရဲ့ ရင်ထဲမှာမငြိမ်းချမ်းလို့ မဖြစ်တော့ဘူးဆိုတဲ့ စကားလုံးတွေ ရောက်သွားပြီး အသိစိတ်ဓာတ်လေးတွေ ဖြစ်ပေါ်လာစေဖို့ ဒီပွဲတော်ကို ကျင်းပခြင်း ဖြစ်ပါတယ်''ဟု ပြောသည်။

 

အဆိုပါဂီတပွဲတော်တွင် မငြိမ်းချမ်းလို့မဖြစ်ဘူး သီချင်းစာသားအား အနှစ်သာရရှိစွာ ကြည့်ရှုနားဆင် ခံစားနိုင်စေရေးအတွက် နောက်ခံစကားပြောများ သမိုင်းမှတ်တမ်းများ၊ ငြိမ်းချမ်းခြင်းနှင့် မငြိမ်းချမ်းသည့် ကာလများတွင် နေထိုင်ရသည့် ဘဝဖြစ်စဉ်များအား ဇာတ်ညွှန်းများရေးဖွဲ့ကာ ယဉ်ကျေးမှုတက္ကသိုလ်(မန္တလေး)မှ အနုပညာရှင်များနှင့် ကယန်းတိုင်းရင်းသား လူမျိုးစုများ စုပေါင်း၍ အင်အား ၇၀၀ ကျော်နှင့်အတူ ဂီတမိတ်ဝိုင်းတော်သားများဖြင့် တီးခေတ်သီဆို သရုပ်ဖော် တင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)၊ ဓာတ်ပုံ-အောင်ဖြိုးကျော်