မန္တလေးသင်္ကြန်မှာ ရတနာပုံခေတ် မောင်းကြေးခတ် အမိန့်ပြန်သည့်ပုံစံ သရုပ်ပြမည်

မန္တလေး ၆ ဧပြီ 

 

မန္တလေးသင်္ကြန်မှာ ရတနာပုံခတ်သင်္ကြန်အခါ မောင်းကြေးနင်းခတ်၍ အမိန့်တော်ပြန်သည့် ဓလေ့ထုံးစံကို ပြန်လည်ဖော်ထုတ်ပြသရန် စီစဉ်ထားသည်ဟု သိရသည်။

 

ရှေးမြန်မာဘုရင်များ လက်ထက်တော် အခါက အခါကြီးရက်ကြီး နေ့ရက်များတွင် နန်းတွင်းမှ ဘုရင့်အမိန့်တော်ကို အရပ်လေးမျက်နှာသို့ မောင်းကြေးနင်းခတ်ကာ တိုင်းသူပြည်သားတို့အား ပြန်ကြားလေ့ရှိသည်။

 

မဟာသင်္ကြန်တော် အခါတွင်လည်း မဟာသင်္ကြန်ပွဲတော် ကျရောက်မည့် နေ့ရက်၊ အချိန်တို့ကို အရပ်လေးမျက်နှာသို့ ကြေညာမောင်းခတ်လေ့ ရှိခဲ့ပါသည်။ ယင်းဓလေ့ထုံးစံသည် မြန်မာဘုရင်တို့ ပါတော်မူချိန်ကစလို့ ကွယ်ပျောက်ခဲ့ရသည်။ ယနေ့ခေတ် နှောင်းလူတို့သည် ရှေ့အခါက မောင်းကြေးနင်းခတ်သည့် ပုံစံကိုမမြင်ဖူး မကြားဖူးတော့ချေ။

 

 

"မြန်မာ့ယဉ်ကျေးမှု အစဉ်အလာ ဓလေ့ထုံးစံနှင့် အနုပညာရပ်တို့ဟာ မြန်မာဘုရင်တို့ ပါတော်မူချိန်ကစလို့ တဖြည်းဖြည်း တစတစ ပျောက်ကွယ် ပျက်စီးလာပါတယ်။ သည်ကနေ့အချိန်မှာ  ခပ်မှိန်မှိန် အနေအထားသာ ကျန်ရှိပါတော့တယ်။ သည်လို အခြေအနေ တစ်ရပ်ကို ပြုပြင်ပြောင်းလဲလို့တဲ့ ကျွန်တော်တို့ လူငယ်တစ်စုက မြန်မာ့  ဓလေ့ထုံးစံရိုးရာ ယဉ်ကျေးမှုတွေ ပြန်လည်ဦးမော့လာစေဖို့ ရည်ရွယ်ပြီး တတ်နိုင်တဲ့ဘက်က ထိန်းသိမ်းကာကွယ်ဖို့ ဒီနှစ်သင်္ကြန်မှာ သင်္ကြန်အခါမောင်းကြေးနင်း ခတ်၍ အမိန့်တော်ပြန်သည့် ဓလေ့ထုံးစံကိုပြန်လည်ဖော်ထုတ်ပြသရန် ရွေးချယ်စီစဉ်ခဲ့ပါတယ်" ဟု ရတနာပုံခတ် မောင်းကြေးနင်းခတ်ပုံစံ ဆောင်ရွက်မည့် အဖွဲ့မှ ကိုဆိုင်မွန်ထူးသန့်မှ ပြောသည်။

 

သင်္ကြန်အကြိုနေ့ ဖွင့်ပွဲကျင်းပမည့် မနက်တွင် မင်္ဂလာတံတားအရှေ့ မှထွက်ပြီး မြို့တော်ဝန်မဏ္ဍပ်တွင် အမိန့်ပြန်တမ်းကို ဖတ်ကြားမည် ဖြစ်ကြောင်း သိရသည်။ ကျန်တဲ့ရက်များတွင် လမ်းလျှောက်သင်္ကြန် ၊ တောသင်္ကြန်တွင်လည်း သရုပ်ပြမည်ဖြစ်ကြောင်း သိရသည်။ 

 

ယင်းအစီစဉ်တွင် အမိန့်တော်ဖတ်ကြားမည့် သံတော်ဆင့်ဝန် တစ်ဦး၊ သိုင်းကိုင် နှစ်ဦး ၊ တကောင်းကိုင် တစ်ဦး ၊ နောက်ပါ လူပျိုတော်သား နှစ်ဦး ၊ စည်တီးမည့် အမှုထမ်း ရှစ်ဦး ၊ အရံ လူပျိုတော် ၆ ဦး ၊ မောင်းတီးမည့် အမှုထမ်း နှစ်ဦးတို့ ပါဝင်ဖွဲ့စည်းထားကြောင်း သိရသည်။ ဝတ်စုံများ ၊ စည်များ ၊ မောင်းများအား ရတနာပုံခေတ်က ပုံစံအတိုင်းဖြစ်စေရန် ပညာရှင်များနှင့် တိုင်ပင်ကာ ဆောင်ရွက်နေကြောင်း သိရသည်။ 

 

ယခုလိုသရုပ်ပြမှုနှင့် ပတ်သက်၍ မန္တလေးမြို့ခံ စာရေးဆရာ ဆူးငှက်က "ဒီလို အခမ်းအနားမျိုးက နောက်ပိုင်းမှာ သီတင်းကျွတ်လပြည့်၊ တန်ဆောင်မုန်းလ ကထိန်သင်္ကန်း ကပ်တဲ့အချိန်တွေမှာ ဒီလို အခမ်းအနားမျိုးကို လူအင်အားနဲ့ လုပ်ဖြစ်သွားမယ်ဆိုရင် ဘယ်အစိုးရတက်တက်ပြောနေတဲ့ နိုင်ငံခြားသားဆီက ပိုက်ဆံရချင်တဲ့ ကိစ္စလည်း အဆင်ပြေသွားမယ်" ဟု အကြံပြုပြောကြားသည်။

 

သတင်း-အိမို့မို့ခိုင်
ဓာတ်ပုံ- Simon Htoo Thant