မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် ၁၈ နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ပုသိမ်ကြီးမြို့နယ်အသင်း စုပေါင်းတံခွန်စိုက်ဆုဖလား ဆွတ်ခူးရရှိ

မန္တလေး  ၂ စက်တင်ဘာ

၂ဝ၁၉ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက် (၁၈)နှစ် အောက် (အမျိုးသား၊ အမျိုးသမီး)ပြေးခုန်ပစ်ပြိုင်ပွဲနှင့်  ဆုချီးမြှင့်ပွဲအခမ်းအနားကို  ယမန်နေ့ နံနက် ၈ နာရီက မန္တလေး ချမ်းမြသာစည်မြို့နယ်၊ မန္တလာသီရအားကစားကွင်း၌ ကျင်းပခဲ့သည်။

 

2654

 

 အဆိုပါ ပြေးခုန်ပစ်ပြိုင်ပွဲတွင် (အမျိုးသား၊အမျိုးသမီး) မီတာ ၁၅ဝဝ လမ်းလျှောက်ပြိုင်ပွဲ၊ မီတာ ၄ဝဝ လက်ဆင့်ကမ်းပြိုင်ပွဲ၊ မီတာ ၁ဝဝ အပြေးပြိုင်ပွဲ၊ မီတာ ၁ဝဝ အပြေးပြိုင်ပွဲ ယှဉ်ပြိုင်မှုတို့ကို မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်၊ မန္တလေးတိုင်းဒေသကြီးအားကစား နှင့်  ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝေဇင်၊ အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး) ကျောင်း အုပ်ကြီး ညွှန်ကြားရေးမှူး ဦးမျိုးမြင့်အောင်၊ မန္တလေးတိုင်းဒေသကြီး ပြေးခုန်ပစ်ဆပ်ကော်မတီဒုတိယဥက္ကဌဦးခင်မောင်လွင်၊ အတွင်းရေးမှူးဦးခင်မောင်တင့်နှင့်အဖွဲ့ဝင်များ တိ်ုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အားကစားအရာရှိများ ပြေးခုန်ပစ်ဒိုင်လူကြီးများပြိုင်ပွဲအသင်းများမှ အုပ်ချုပ်သူနည်းပြများ၊ အားကစားမောင်မယ်များ၊ ပြေးခုန်ပစ် အားကစား မောင်မယ်များ၊ ပြေးခုန်ပစ်အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

 ပြိုင်ပွဲအပြီး ဆုချီးမြင့်ပွဲကို ဆက်လက်ကျင်းပရာ အမျိုးသမီး မီတာ ၁၅ဝဝ လမ်းလျှောက်ပြိုင်ပွဲတွင် ပထမဆု(ဇာဇာထွန်း)ပြင်ဦးလွင်၊ ဒုတိယဆု(ကြူဆန်း) ပြင်ဦးလွင်၊ တတိယဆု အိသဇင်လှိုင်(ပုသိမ်ကြီး)၊ အမျိုးသားမီတာ ၁၅ဝဝ ပြိုင်ပွဲတွင် ပထမဆု အောင်မြင့်မြတ်(ပုသိမ်ကြီးမြို့နယ်)၊ ဒုတိယဆု နေမျိုးဆန်း (ကျောက်ဆည်မြို့နယ်)၊ တတိတယဆု နိုင်ဝင်းထွန်း(ကျောက်ပန်းတောင်းမြို့နယ်)တို့အား အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)ဒုတိယ ကျောင်းအုပ်ကြီး ဦးနိုင်လင်းအောင်က ဆုတံဆိပ်နှင့် ဆုငွေများ ချီးမြှင့်ပြီး၊ အမျိုးသမီး မီတာ ၁ဝဝ အပြေးပြိုင်ပွဲတွင် ပထမဆုရွှေစင်ဝင်း(စဉ့်ကူးမြို့နယ်)၊ ဒုတိယဆု ဝင်းဝင်းမာ (ပြင်ဦးလွင်မြို့နယ်)၊ တတိယဆု ပြည့်ပြည့်မိုး(မလှိုင်မြို့နယ်)၊ အမျိုးသားမီတာ ၁ဝဝ အပြေးပြိုင်ပွဲတွင် ပထမဆုကျော်ရှိန်(မြင်းခြံမြို့နယ်)၊ ဒုတိယဆု ဟိန်းကျော် (ညောင်ဦးမြို့နယ်)၊ တတိယဆု အောင်နိုင်ဦး(မိတ္ထီလာမြို့နယ်)တို့အား အားကစားနှင့်ကာယပညာသိပ္ပံကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးမျိုးမြင့်အောင်က ဆုတံဆိပ်နှင့် ဆုငွေများ ပေးအပ်ချီးမြှင့်သည်။

 ထို့နောက် အမျိုးသမီး မီတာ (၄ဝဝ×၄) လက်ဆင့်ကမ်းပြိုင်ပွဲတွင် ပထမဆုရ ပုသိမ်ကြီးမြို့နယ်အသင်း၊ ဒုတိယဆုရ ပြင်ဦးလွင်မြို့နယ်အသင်း၊ တတိယဆုရ ပြည်ကြီးမြို့နယ်အသင်း၊ အမျိုးသား မီတာ (၄ဝဝ×၄) လက်ဆင့်ကမ်းပြိုင်ပွဲတွင် ပထမဆုရ မိုးကုတ်မြို့နယ်အသင်း၊ ဒုတိယဆုရ သာစည်မြို့နယ်အသင်းနှင့် တတိယဆုရ ပုသိမ်ကြီးမြို့နယ်အသင်းတို့အား တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝေဇင်က ဆုတံဆိပ်နှင့် ဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။

 ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ကိုယ်စား မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်ပန်းဆိုင်က အမျိုးသမီးပြိုင်ပွဲတွင် ပထမတံခွန်စိုက်ဆုရ ပြင်ဦးလွင်မြို့နယ်အသင်းနှင့် အမျိုးသားပြိုင်ပွဲတွင် ပထမတံခွန်စိုက်ဆုရ မိုးကုတ်မြို့နယ်သင်းတို့အား ပထမတံခွန်ဆုဖလားနှင့် ဆုငွေကျပ် နှစ်သိန်းစီကိုလည်းကောင်း၊ စုပေါင်းတံခွန်စိုက်ဆုရ ပုသိမ်ကြီးမြို့နယ်ဆုဖလားနှင့် ဆုငွေကျပ် သုံးသိန်းတို့ကို ချီးမြှင်ပေးအပ်ခဲ့ကြောင်းသိရသည်။

တင်မောင်(မန်းကိုယ်ပွား)