မန္တလေးတိုင်းဒေသကြီးတွင် ပြည်သူများသို့  ၆၇ ရာခိုင်နှုန်း လျှပ်စစ်မီးပေးနိုင်ပြီ

မန္တလေး  ၁၃   ဒီဇင်ဘာ 

မန္တလေးတိုင်းဒေသကြီးတွင် ပြည်သူများသို့ လျှပ်စစ်ဓါတ်အားသုံးစွဲမှု  ၆၇ ရာခိုင်နှုန်း ဖြန့်ဖြူးပေးနိုင်ပြီ ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်းမှ သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းမှာ လျှပ်စစ်ဓါတ်အား ၆၇ရာခိုင်နှုန်း ဖြန့်ဖြူးပေးနိုင်ပါပြီ၊ တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ မြို့ အားလုံးမီးလင်းနေပါပြီ၊ ကျန်နေတာက ကျေးရွာအချို့ပါ၊ တိုင်းဒေသကြီးအတွင်းမှာ ကျေးရွာပေါင်း (၄၇၉၉)ရွာ ရှိပါတယ်၊ လက်ရှိမှာတော့ အစိုးရ အစီအစဉ်ဖြင့် ကျေးရွာပေါင်း (၃၁၅၅) ရွာ မီးလင်းပါပြီ၊ ပုဂ္ဂလိကအစီအစဉ်ဖြင့် ကျေးရွာ(၆၂၄)ရွာ မီးလင်းပါပြီ၊ မီးလင်းဖို့ ကျန်ရှိနေတာက ကျေးရွာပေါင်း(၁၀၂၀)ရှိပါတယ်၊ ကျန်ရှိနေတဲ့ကျေးရွာ တစ်ထောင်ကျော်ကိုလည်း လျှပ်စစ်မီးလင်းနိုင်ရေး ဆက်လက်ဆောင်ရွက်နေပါတယ်၊  ဟု မန္တလေးတိုင်း ဒေသကြီးလျှပ်စစ်ဓါတ်အား ပေးရေးကော်ပိုရေးရှင်း မှ အမှုဆောင်အရာရှိချုပ် ဦးတင်အောင်က ပြောကြားသည်။

 

a

 

မန္တလေးတိုင်းဒေသကြီးတွင် 230KV ဓါတ်အားခွဲရုံ(၇)ရုံ၊132KV ဓါတ်အားခွဲရုံ(၁၀)ရုံ စုစုပေါင်း ပင်မဓါတ်အားခွဲရုံ (၁၇)ရုံဖြင့် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးလျက်ရှိကြောင်း၊မိမိတို့ ဌာနအနေဖြင့်  ပြည်သူများ ဓါတ်အားအလုံအလောက်ရရှိရေး၊ ဓါတ်အားပျောက်ဆုံးမှု လျော့ချရေး၊လျှပ်စစ်အန္တရာယ်ကင်းဝေးရေး ၊ အရည်အသွေး ပြည့်မီသော လျှပ်စစ်ဓါတ်အားကို စဉ်ဆက်မပျက် ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဓါတ်အားအပြည့်အဝပေးနိုင်ရေး ဓါတ်အားခွဲရုံကြီးများ၊ဓါတ်အားပေးစက်ရုံကြီးများအား ရေတို၊ရေရှည်စီမံကိန်းများ ချမှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း၊၎င်းက ဆက်လက်ပြောကြားသည်။

ယခုနှစ် မန္တလေးတိုင်းဒေသကြီးတွင် ပြည်ထောင်စုအစိုးရဘတ်ဂျတ်ဖြင့် ဘီလီယံ(၃၀)ကျော်၊ တိုင်းဒေသကြီးအစိုးရ ဘတ်ဂျတ်ဖြင့် (၉)ဘီလီယံကျော် လျှပ်စစ်ဓါတ်အားတိုးတက်ဖြန့်ဖြူးပေးရေးလုပ်ငန်းများ ဆောင်ရွက်ရန် လျာထားချထားပေးခဲ့ကြောင်း၊လာမည့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင်  တိုင်းဒေသကြီးတစ်ခုလုံး ရာနှုန်းပြည့် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးနိုင်ရေး မျှော်မှန်းကာ ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ် ၊ ဒီဇင်ဘာလတွင် တစ်နိုင်ငံလုံးဓါတ်အားစနစ်မှ လျှပ်စစ်ဓါတ်အားသုံးစွဲမှု တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်းပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း သိရပြီး မန္တလေးတိုင်းဒေသကြီးတွင် ၆၇ ရာခိုင်နှုန်း ရရှိနေပြီဖြစ်ကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)