မန္တလေးတက္ကသိုလ်အား အကြီးစားမွမ်းမံ ပြင်ဆင်ခြင်းလုပ်ငန်းကို ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြုပြင် ဆောင်ရွက်သွားမည်

နေပြည်တော် ၁၆ မတ်

 

မန္တလေးတက္ကသိုလ်အား အကြီးစားမွမ်းမံ ပြင်ဆင်ခြင်းလုပ်ငန်းကို ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြုပြင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက မတ်လ ၁၆ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးတွင် ပြောသည်။

 

မန္တလေးတက္ကသိုလ်အား အဆင့်မြင့် ပညာရပ်များသင်ကြားရာတွင် သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်  ရပ်ဝန်းကောင်းတစ်ခုအဖြစ် စနစ်တကျအဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ ၊ မရှိကို အောင်မြေသာစံ မဲဆန္ဒ နယ်မှ ဒေါက်တာဦးလှမိုးက မေးမြန်းရာ ပညာရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ယခုလို ဖြေကြားခဲ့ခြင်းဖြစ်သည် ။

 

“ အချို့သော အဆောက်ဦများသည် နှစ် ၁၀ဝ ရှိနေပြီး သက်တမ်း ၅၅ နှစ်ရှိသော အဆောင် ၁ဆောင် ၊ အနှစ် ၄၀ ခန့်ရှိသော အဆောင် ၆ ဆောင် ၊ အနှစ် ၅၀ ခန့်ရှိသော အဆောင် ၁၈ ဆောင် ၊ အနှစ် ၉၀ ခန့်ရှိသော အဆောင် ၂ ဆောင် စသဖြင့် သက်တမ်းကြာမြင့်စွာ ရှိနေခြင်းကြောင့် ပြိုကျခြင်း အုတ်နံရံများ ဆားပေါက်ခြင်း စသည်တို့ ဖြစ်ပေါ်ခဲ့ပြီး မန္တလေးတက္ကသိုလ်၏ အကြီးစားမွမ်းမံ ပြင်ဆင်ခြင်းလုပ်ငန်းကို ၂၀၁၈ - ၂၀၁၉ ခုနှစ် ဘဏ္ဍာရေးနှစ်မှာ ပြုပြင်ဆောင်ရွက်ဖို့အတွက် ဘဏ္ဍာငွေလျာထား ဆောင်ရွက်ထားပါကြောင်း ” ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြားသွားသည် ။

 

မန္တလေးတက္ကသိုလ်သည် ၁၉၂၁ ခုနှစ်တွင် စိုက်ပျိုးရေး သိပ္ပံအဖြစ် စတင်ထူထောင်ခဲ့ပြီး ၁၉၂၅ ခုနှစ်တွင် မန္တလေး ဥပစာကောလိပ်အဖြစ်ပြောင်းလဲခဲ့ကာ ၁၉၅၈ ခုနှစ်တွင် မန္တလေးတက္ကသိုလ် (ဝိဇ္ဖာသိပ္ပံ၊ဆေးပညာ ၊ စိုက်ပျိုးရေး) နှင့် မကွေးကောလိပ်ပါဝင်သော မဟာဌာနကြီး လေးခုဖြင့် မန္တလေးတက္ကသိုလ်ကို စတင်ထူ ထောင်ခဲ့ရာ ၂၀၁၈ ခုနှစ် တွင် စတင်ထူထောင်သည်မှာ နှစ် ၁၀ဝ နီးပါး သက်တမ်းရှိခဲ့ပြီဖြစ်ကြောင်း မန္တလေးတက္ကသိုလ်၏ သမိုင်းကိုပါ တစ်ပါတည်း ရှင်းပြပါသည် ။
“ မန္တလေးတက္ကသိုလ်ဟာ  မြန်မာပြည်မှာ ရန်ကုန်တက္ကသိုလ်ပြီးရင် ဒုတိယမြောက်အကြီးဆုံး တက္ကသိုလ် ဖြစ်တယ်။ ဒီနေ့ မန္တလေးတက္ကသိုလ်ရဲ့ အနေအထားဟာ တက္ကသိုလ်ရဲ့အဆင့်အတန်းနဲ့ မကိုက်ညီတော့တဲ့ အခြေအနေကို တွေ့လာတာကြောင့် ဘက်စုံမွမ်းမံဖို့ရာအတွက် မေးခွန်း မေးမြန်းခဲ့ခြင်းဖြစ်ပါတယ် ” ဟု  အောင်မြေသာစံ မဲဆန္ဒနယ်မှ ဒေါက်တာဦးလှမိုးက ပြောသည် ။

 

ယနေ့တွင် မန္တလေးတက္ကသိုလ်၌ ဘာသာရပ်ပေါင်း ၂၅ ခု ၊  ဘွဲ့ကြိုသင်တန်းမှ ပါရဂူအထိ သင်တန်း အမျိုး အစား၂၀၆ ခု ၊ ဒီပလိုမာ သင်တန်းပေါင်း ၁၂ ခု နှင့် ဘာသာရပ်အမျိုးမျိုးမှာ သုတေသနလုပ် ဆောင်နေသော ကျောင်းသားများ အပါအဝင် ထောင်ချီသော ကျောင်းသားများ ပညာဆည်းပူးရာ တက္ကသိုလ်တစ်ခုဖြစ်သည် ။

 

သို့သော် ယင်းတက္ကသိုလ်၏ သုတေသနအခန်းများနှင့် ဆက်စပ်သော အရာများ ၊ အဆောက်အဦများ၊ ပညာ သင်ကြားရေးခန်းများ  ပျက်စီးခြင်းနှင့် ခေတ်နဲ့ လျော်ညီမှုမရှိခြင်းပါ တွေ့ရှိရပါသည်။

 

“ မန္တလေးတက္ကသိုလ်ရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းလောက်က တစ်ထပ်အဆောက်အဦတွေဖြစ်ပါတယ် ။ အဲ့ဒီ အဆောက်အဦတွေကလဲ ဟောင်းနွမ်းပျက်ဆီး ပြီးတော့ အန္တရာယ် ရှိတဲ့ အနေအထားကို ရောက်ရှိနေပါတယ် ။ တက္ကသိုလ်ရဲ့အဆင့်အတန်းနဲ့ ဘယ်လိုမှကို မသင့်လျော်တော့ပါဘူး   ” ဟု  အောင်မြေသာစံ မဲဆန္ဒနယ်မှ ဒေါက်တာဦးလှမိုးက ပြောသည် ။

 

မန္တလေးတက္ကသိုလ်အနေဖြင့် ယခုအခါတွင် နိုင်ငံတကာ တက္ကသိုလ်များနှင့် သဘောတူနားလည်မှုစာချွန် များရေးထိုးလျက် သင်ကြားရေး သုတေသနလုပ်ငန်းများ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်နေပြီး နိုင်ငံ တကာမှ ကျောင်းသားများလည်း လာရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည် ။

 

ထို့ပြင် မြန်မာနိုင်ငံတွင် ဒုတိယ သက်တမ်းအရင့်ဆုံးဖြစ်သော မန္တလေးတက္ကသိုလ်အား အဆင့်မြင့် ပညာရပ်များ သင်ကြားရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာ ရပ်ဝန်းကောင်းတစ်ခုအဖြစ် စနစ်တကျ အဆင့်မြှင့် တင်ပေးရန်အတွက် ပညာရေးဝန်ကြီး ဌာနမှ အမြန်ဆုံး စီမံဆောက်ရွက်ပေးရန်လိုအပ်နေကြောင်း သိရသည် ။

 

သူရိန် ၊ မျိုးထက်ဦး