မန္တလေးတွင် H1N1 ရာသီတုပ်ကွေးကြောင့် ကလေး ၂ ဦး သေဆုံးပြီး ၅ ဦးတွင် ပိုးတွေ့ရှိ

မန္တလေး ၁၅ သြဂုတ်


မန္တလေးတွင် ရာသီတုပ်ကွေးရောဂါ (H1N1) ကြောင့် ကလေး ၂ ဦး သေဆုံးပြီး သံသယရှိသူ ငါးနှစ်အောက် ကလေးငယ် ၁၀ဦးတွင် ငါးဦး ပိုးတွေ့ရှိခဲ့ကြောင်း ၅၅၀ ဆံ့ကလေးဆေးရုံ(မန္တလေးမြို့) ဆေးရုံအုပ်ကြီး ဒေါက်တာသက်ဆွေ ထံမှ သိရသည်။


မန္တလေး ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးသို့ H1N1 ရောဂါဖြစ်ပွားသည်ဟု သံသယရှိသူ ငါးနှစ်အောက် ကလေး ၁၀ဦးမှာ ဇွန် ၁၉ ရက်မှ ဩဂုတ် ၅ ရက်အတွင်း ရောက်ရှိလာသူများဖြစ်ပြီး၊ ရောက်ရှိလာသည့် ကလေးငယ်များတွင်  ရှစ်လသား အရွယ်မှ ငါးနှစ်ထိ ပါဝင်ကြောင်း သိရသည်။


"ရောက်လာတဲ့ ၁၀ယောက်မှာ ငါးယောက်က ပိုးတွေ့ရှိတယ်။ ပိုးတွေ့တဲ့သူတွေထဲက နှစ်ယောက်ကတော့ ရောက်ပြီး နှစ်ရက်လောက်မှာ သေဆုံးသွားတယ်။ မသေဆုံးခင်မှာလဲ ကုသမှုတွေ လုပ်ပေးခဲ့ပါတယ်။ သံသယရှိတဲ့ သူတွေကိုတော့ သီးသန့်ထား ထားပါတယ် " ဟု ဆေးရုံအုပ်ကြီး ဒေါက်တာသက်ဆွေက ပြောသည်။


H1N1 ရောဂါပိုးရှိသည်ဟု သံသယရှိသူ ငါးနှစ်အောက်ကလေး ၁၀ ဦးမှာ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှ အများဆုံးဖြစ်ပြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်မှ တစ်ဦးပါဝင်ကြောင်း၊ H1N1 ရောဂါပိုးရှိပြီး သေဆုံးသွားသည့် ကလေးနှစ်ဦးမှာ စစ်ကိုင်းတိုင်းဒေသကြီးမှဖြစ်ကြောင်း သိရသည်။


ယခုနှစ် ဇန်နဝါရီ ၁ ရက်မှဩဂုတ် ၉ ရက်ထိ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရာသီတုပ်ကွေးရောဂါ သံသယလူနာ ဓာတ်ခွဲစမ်းသပ်စစ်ဆေးသူ ၁၁၈၆ ဦးရှိခဲ့ရာ ရာသီတုပ်ကွေးရောဂါပိုး တွေ့ရှိသူဦးရေ ၅၀ဝ ရှိပြီး သေဆုံးသူမှာ ၉၂ ဦးထိရှိလာကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ ထုတ်ပြန်ချက်များအရ သိရသည် ။


ရာသီတုပ်ကွေး H1N1 ရောဂါသည် ရောဂါပိုးကူးစက်ခံရသည့် အချိန် ကစတင်၍ တစ်ရက်မှ လေးရက်အတွင်း ရောဂါလက္ခဏာများ စတင်ပေါ်ပေါက်လာနိုင်ပြီး လက္ခဏာများမှာ အပူချိန် ၃၈ ဒီဂရီစင် တီဂရိတ်နှင့်အထက် ဖျားခြင်း၊ နှာရည်ယိုခြင်း၊ နှာချေခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ နုံးခွေခြင်းတို့ ဖြစ်သည်။ 


ထို့ထက်ပြင်းထန်လာပါက အဖျားကြီးလွန်းခြင်း၊ ချောင်းအလွန်ဆိုးခြင်း၊ မောခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အသက်ရှူကျပ်ခြင်း၊ အသက်ရှူခက်ခဲခြင်း၊ အသက်ရှူနှုန်းမြန်ဆန်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ သတိလစ်ခြင်းများ ဖြစ်ပေါ်နိုင်ပြီး ယင်းသို့ဖြစ်ပေါ်ပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများသို့ သွားရောက်ကုသမှုခံယူရန် ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနက နှိုးဆော်ထားသည်။


သူရိန်လင်း