မန်တုံမြို့တွင် ဘက်စုံအဆင့်မြင့်နည်းပညာသုံး မိုးစပါးပျိုးထောင်နည်းစနစ် အောင်မြင်လျက်ရှိ

မန်တုံ ၂၀ ဇူလိုင်

 

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများအား အဓိကထားပြီး လုပ်ကိုင်လျက်ရှိရာ ယခုအခါ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ဘက်စုံအဆင့်မြင့် နည်းပညာသုံး မိုးစပါးပျိုးထောင်နည်းစနစ်ဖြင့် မိုင်းယုတ်အုပ်စု၊ မန်မိုင်စံပြကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ပျိုးခင်းများအောင်မြင်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ မိုးစပါးများအောင်မြင်စွာ ပျိုးထောင်နိုင်ရေးအတွက် မန်တုံမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇေယျာမင်းမင်းအောင်နှင့် စိုက်ပျိုးရေးဝန်ထမ်းများ ဦးဆောင်ကာ ဇွန်လ (၂၀) ရက်နေ့မှစတင်ပြီး တောင်သူပညာပေးဆွေးနွေးပွဲများကို ရှေးဦးစွာ ဆောင်ရွက်ခဲ့သည်။

 

ထို့နောက် တောင်သူ (၁၃) ဦး၏ စုစုပေါင်းလယ်ဧက (၂၀) အတွက် GW-1 မျိုးစပါး (၁၆၀) ကီလိုအား အခမဲ့ဖြန့်ဝေကာ တောင်သူများနှင့်အတူ ပျိုးထောင်နည်းစနစ်အား လက်တွေ့ကွင်းသရုပ်ပြကာ တောင်သူ ဦးစိုးကျမ်၏ လယ်ဧက(၂)ဧကအား စံပြစိုက်ခင်းအဖြစ် ဆောင်ရွက်ခဲ့ပြီး အခြားသောတောင်သူ(၁၃)ဦး၏ စိုက်ခင်းများကိုပါ စံပြစိုက်ခင်းအဖြစ် ကူညီဆောင်ရွက်ပေးခဲ့သည်။ ယခုအခါ အဆိုပါ ဘက်စုံအဆင့်မြင့် နည်းပညာသုံး မိုးစပါးပျိုးထောင်နည်းစနစ်ဖြင့် စိုက်ပျိုးခဲ့သည့် မိုးစပါးပျိုးခင်းများမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ဇူလိုင်လ (၂၀) ရက်နေ့တွင် စတင်စိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။

 

စည်သူမောင်မောင် (ပြန်/ဆက်)