မန်ယူ (သို့မဟုတ်) မန်စီးတီးကို ကိုင်တွယ်ရန် ပိုချက်တီနို စောင့်စားနေ

၁၃  အောက်တိုဘာ

ပိုချက်တီနိုအနေနဲ့ စပါးအသင်းကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက် တစ်နှစ်ကြာသည်အထိ ဘယ်အသင်းကိုမျှ မကိုင်တွယ်သေးဘဲ ရှိနေတာဟာ မန်စီးတီး( သို့မဟုတ်) မန်ယူအသင်းကို ကိုင်တွယ်ဖို့ စောင့်ဆိုင်းနေတာဖြစ်တယ်လို့ The Sun သတင်းဌာနက ဖော်ပြပါတယ်။ အလုပ်လုပ်လိုစိတ် ပြင်းထန်တဲ့ ပိုချက်တီနိုအနေနဲ့ တစ်နှစ်လောက် အလုပ်မလုပ်ဘဲ နေနေတဲ့အတွက် အခုလို မှန်းဆမှုတွေကို မြင့်တက်လာစေတာပဲဖြစ်ပါတယ်။

 

မန်ယူနဲ့ မန်စီးတီး နှစ်သင်းကလည်း နည်းပြအပြောင်းအလဲလုပ်နိုင်ဖွယ်ရှိပြီး အထူးသဖြင့် မန်ယူနည်းပြ ဆိုးလ်ရှားနေရာကို ဒီဘောလုံးရာသီ မကုန်ဆုံးမီမှာပဲ ပိုချက်တီနို ရောက်လာနိုင်တယ်လို့ ယူဆနေကြတာရှိသလို  မန်စီးတီးနဲ့ နည်းပြ ဂွါဒီယိုလာတို့ရဲ့ ချုပ်ဆိုထားတဲ့စာချုပ်ကလည်း ဒီနှစ်ရာသီအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်လို့ စီးတီးကိုလည်း ပိုချက်တီနို ရောက်လာနိုင်တယ်လို့ ထင်ကြေးပေးမှုတွေ ဖြစ်လာတာပါ။ ဒါ့အပြင် မန်စီးတီးအသင်းပိုင်ရှင်တွေ လိုချင်နေတဲ့ ချန်ပီယံလိဂ်အောင်မြင်မှုကို ဂွါဒီယိုလာ မဆောင်ကြဉ်းပေးနိုင်တာ၊  ပရီးမီးယားလိဂ်မှာလည်း ရလဒ်တွေ အခုထိ မတည်ငြိမ်သေးတာတွေက ဂွါဒီယိုလာရဲ့ နည်းပြထိုင်ခုံ လှုပ်လာနိုင်တဲ့ အကြောင်းတရားတွေ ဖြစ်ပါတယ်။

 

ပိုချက်တီနိုဟာ စပါးအသင်းကို ကိုင်တွယ်ခဲ့ရာမှာ  ချန်ပီယံအောင်မြင်မှုတွေ မရရှိခဲ့ပေမယ့် အရင်က အလယ်အလတ်အဆင့်သာရှိတဲ့ ကလပ်အသင်းကို ကစားသမားခေါ်ယူမှုအတွက် ငွေကြေး အမြောက်အများ မသုံးစွဲရပါဘဲ ချန်ပီယံလိဂ်ပြိုင်ပွဲ နှစ်တိုင်း ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်တာ၊ ကစားသမားကောင်းတွေကို အကောင်းဆုံး ခြေစွမ်း ရရှိလာအောင် ကူညီပေးနိုင်ခဲ့တာ စသဖြင့် သူ့ရဲ့ ပြောင်မြောက်တဲ့ စီမံခန့်ခွဲမှုတွေက ထိပ်တန်းကလပ်အသင်းပိုင်ရှင်တွေကို မျက်စိကျလာစေတဲ့ အရာတွေပါ။ အင်္ဂလန်ကလာတဲ့ သတင်းရင်းမြစ်တွေကတော့  ပိုချက်တီနိုဟာ  မန်ယူအသင်း ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်နဲ့လည်း နီးကပ်တဲ့ ဆက်ဆံရေး ရှိသူဖြစ်လို့  မန်စီးတီးထက် မန်ယူမှာ မြင်တွေ့ရဖို့  အလားအလာရှိနေတယ်လို့ ဆိုပါတယ်။  

မေလဲ့သင်း