မန်ယူအပေါ် ဝေဖန်မှုများက မနာလိုခြင်းကို မြစ်ဖျားခံဟု မက်ဂွိုင်းယား တုံ့ပြန်

မန်ယူအသင်း ရလဒ်ဆိုးသည်နှင့် မီးမောင်းထိုးဖော်ပြဝေဖန်နေသည်များက မိမိတို့ကလပ်အသင်းမှာ  ကမ္ဘာပေါ်တွင် လူစိတ်ဝင်စားမှုအမြင့်ဆုံးကို ရရှိထားခြင်းကြောင့်ဖြစ်ကြောင်း အသင်းခေါင်းဆောင် မက်ဂွိုင်းယားက တုံ့ပြန်လိုက်သည်။

 

မန်ယူနည်းပြ ဆိုးလ်ရှားအနေဖြင့်လည်း မန်ယူအသင်း ရာသီအစ ခုနစ်ပွဲတွင် သုံးပွဲအထိ ရှုံးနိမ့်မှုနှင့် ကြုံခဲ့ခြင်း‌ကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသလို နည်းပြထုတ်ပယ်ခံရနိုင်မှု၊ အစားထိုးဖွယ်ရှိတဲ့ နည်းပြစာရင်းနဲ့  မန်ယူကစားသမားများရဲ့  ခြေစွမ်းအပေါ် တောက်လျှောက်ဝေဖန်ခံနေရခြင်း ဖြစ်သည်။

 

“ကျွန်တော် ဒီကလပ်အသင်းမှာနေတဲ့ တစ်နှစ်ခွဲကာလမှာသိခဲ့ရတာ တစ်ခုက ဒီအသင်းအကြောင်းဟာ  ကမ္ဘာပေါ်မှာ လူပြောအများဆုံး ဖြစ်နေတယ်ဆိုတာပါ။ လူတွေကတော့ မန်ယူအကြောင်း မကောင်းတာ ပြောတာများပါတယ်။ ဒါကလည်း မန်ယူအသင်းရဲ့ အောင်မြင်မှုတွေဟာ လက်ရှိကာလမှာ ကျဆင်းလာလို့ ဖြစ်နိုင်ပါတယ်” ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

ဘက်ဆပ်ဆီဟီအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် ရှံးနိမ့်ခဲ့သည့်ပွဲအတွင်း မန်ယူအသင်း နောက်တန်းခံစစ်ကစားပုံနှင့် ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရသည်။ ရလဒ်ဆိုးတိုင်း ကစားသမားများမှာ လိုသည်ထက်ပို၍ ဝေဖန်ခံနေရခြင်းကြောင့် ယင်းအချက်က ကစားသမားများ၏ စိတ်ပိုင်းဆိုင်ရာတက်ကြွမှုနှင့် အနိုင်ယူလိုစိတ် ပြင်းထန်မှုတို့မှာ အဟန့်အတားဖြစ်စေတယ်လို့ နည်းပြ ဆိုးလ်ရှားက ဆိုသည်။

မေလဲ့သင်း