မန်ယူအသင်း၏ ရလဒ်ဆိုးများအတွက်  မိမိတွင်သာ တာဝန်အပြည့်ရှိကြောင်း ဆိုးလ်ရှား ယူဆ

၁၇ အောက်တိုဘာ

 

ယခုနှစ်ဘောလုံးရာသီအစမှာ မန်ယူအသင်း ရလဒ်ဆိုးများအတွက် မိမိမှာသာ အပြည့်အဝတာဝန်ရှိပြီး  အားလုံးရဲ့ အာရုံက သူ့အပေါ် ကျရောက်နေတာကို နားလည်ထားကြောင်း မန်ယူနည်းပြ ဆိုးလ်ရှားက ပြောပါတယ်။

 

မန်ယူအသင်းဟာ ရာသီအဖွင့် ပရီးမီးယားလိဂ်ပွဲစဉ် သုံးပွဲ ကစားပြီးချိန် ရမှတ် သုံးမှတ်သာ ရရှိထားတာကြောင့် ဆိုးလ်ရှားလ်ဟာ စပါးအသင်းကို ခြောက်ဂိုး-တစ်ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီးနောက် ထုတ်ပယ်ခံရတော့မယ့် နည်းပြအဖြစ် ထိပ်ဆုံးကရေပန်းစားနေပါတယ်။ မန်ယူအသင်းကစားသမားတွေရဲ့ ကွင်းတွင်း စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ဆိုးလ်ရှားကို ဝေဖန်နေကြသလို သူ့နေရာမှာ ပိုချက်တီနိုကို အစားထိုးဖို့ မန်ယူဘုတ်အဖွဲ့က ပြင်နေပြီဆိုတဲ့ သတင်းတွေလည်း တောက်လျှောက်ထွက်နေပါတယ်။

 

ယနေ့ (အောက်တိုဘာ ၁၇ရက်)မှာ ကစားမယ့် နယူးကာဆယ်နဲ့ ပွဲမှာ မန်ယူအသင်း အနိုင်ရဖို့ လိုအပ်နေသလို  နောက်သုံးရက်အကြာ အောက်တိုဘာ ၂၁ရက်မှာလည်း ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ပီအက်စ်ဂျီအသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာဖြစ်ပြီး အောက်တိုဘာ ၂၄ရက်ကျရင်လည်း ချယ်လ်ဆီးကို အိမ်ကွင်းမှာ ဧည့်ခံကစားရဦးမှာ ဖြစ်ပါတယ်။ မန်ယူအသင်းအနေနဲ့ ဒီပွဲတွေမှာ ရလဒ်ပိုင်း ထပ်မံ ယိမ်းယိုင်ခဲ့ဦးမယ်ဆို နည်းပြဆိုးလ်ရှားရဲ့ ထိုင်ခုံလည်း မမြဲဖို့ သေချာသလောက်ပါပဲ။

 

မန်ယူရဲ့ အဓိကပြဿနာက တိုက်စစ်မှူးတွေ ပုံမှန်ဂိုးသွင်းခြေမရှိတာ၊ နောက်တန်းကစားပုံမသေသပ်လို့ ပြိုင်ဘက်ကို မလိုအပ်ဘဲ ဂိုးတွေ ပေးနေရတာ၊ ဂိုးသမားဒီဂီယာကလည်း ပွဲတိုင်းနီးပါး လက်စွမ်းကျဆင်းနေတာစတဲ့ နေရာစုံ ပြုပြင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။ မန်ယူအသင်း ခေါ်ယူထားတဲ့ ဝါရင့်တိုက်စစ်မှူး ကာဗာနီက မန်ယူတိုက်စစ်အတွက် လိုအပ်နေတဲ့ ကွက်လပ်ကို ဖြည့်ပေးနိုင်ဖို့ အရေးတကြီး လိုအပ်နေတာဖြစပေမယ့် ဒါဟာ တစ်ရာသီ နှစ်ရာသီအတွက် အဆင်ပြေနိုင်မယ့် ယာယီကုထုံးသာဖြစ်ပါတယ်။  မန်ယူအသင်းဟာ လက်ရှိမှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် (၁၆)နေရာအထိ ရောက်ရှိနေပြီး အသင်းကြီးတွေထဲမှာ မန်ယူအသင်းရဲ့ ရလဒ်တွေဟာ အဆိုးဆုံးဖြစ်နေတာဖြစ်ပါတယ်။

 

မေလဲ့သင်း