မန်ယူအသင်းနှင့် ပွဲစဉ်တွင် သရေတစ်မှတ်သာရရှိခဲ့သော်လည်း အမှတ်ပေးဇယားထိပ်တွင် ချယ်လ်ဆီး ဆက်လက်ဦးဆောင်နိုင်ခဲ့

ပရီမီယာလိဂ်ပွဲစဉ်(၁၃)ရဲ့ အကောင်းဆုံးပွဲစဉ်တွေထဲက တစ်ပွဲဖြစ်တဲ့ ချယ်လ်ဆီးအသင်းနဲ့ မန်ယူ အသင်းတို့ရဲ့ ပွဲစဉ်ကို နိုဝင်ဘာ ၂၈ ရက်ညပိုင်းက ချယ်လ်ဆီးအသင်းရဲ့ အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ်မှာ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်သာ ထွက်ပေါ်ခဲ့ပေမယ့် ချယ်လ်ဆီးအသင်းဟာ ပရီမီယာလိဂ်အမှတ်ပေးဇယားထိပ်မှာ ဆက်လက် ဦးဆောင်ခွင့်ရရှိနေဆဲပဲဖြစ်ပါတယ်။

အကြိတ်အနယ်ရှိခဲ့

 အဲဒီပွဲစဉ်မှာ အိမ်ရှင် ချယ်လ်ဆီးအသင်းက တီမိုဝါနာ၊ အိုဒိုအီ၊ ဇီယက်နော်။ ဂျိမ်းစ်၊ ဂျော်ဂျင်ဟို၊ ရူဒီဂျာ၊ ချာလိုဘာ၊ သီယာဂိုဆေးလ်ဗားနဲ့ အလွန်ဆိုတို့လို ကစားသမားတွေကို ၃-၄-၂-၁ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ကာ မန်ယူအသင်း က ဆန်ချို၊ ရက်ရှ်ဖို့ဒ်၊ ဘရူနိုဖာနန်ဒက်စ်၊ တွမ်မီနေ၊ မာတစ်၊ ဖရက်ဒ်၊ ဘစ်ဆာကာ၊ တဲလ်လက်စ်၊ လင်ဒီလော့ဖ်နဲ့ ဘိုင်လီတို့ကို အားပြုလျက် ၄-၃-၁-၂ကစားကွက်နဲ့ ပွဲထွက် လာခဲ့တာကြောင့် ပြိုင်ပွဲဟာ အကြိတ်အနယ်ရှိခဲ့ပါတယ်။

နှစ်သင်းစလုံးဟာ ပထမပိုင်း ပွဲကစားချိန်အတွင်း ဘယ်အသင်းကမှ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ဒုတိယပိုင်း မှာ မန်ယူအသင်းက ဂျာဒန်ဆန်ချိုရဲ့ ပွဲကစားချိန် မိနစ် ၅၀ မှာ သွင်းယူခဲ့တဲ့ သွင်းဂိုးနဲ့ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ အိမ်ကွင်းမှာ နိုင်ပွဲတစ်ပွဲရရှိရေးအတွက် ကြိုးပမ်းရင်း ပွဲကစားချိန် ၆၉ မိနစ်မှာရရှိခဲ့တဲ့ ပင်နယ်တီသွင်းဂိုးနဲ့ ချေပဂိုးပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။

အဲဒီပင်နယ်တီသွင်းဂိုးဟာ မန်ယူအသင်းရဲ့ ဂိုးဧရိယာအတွင်း မန်ယူနောက်ခံလူ ဘစ်ဆာကာက ဘောလုံးဖြတ်ထုတ်ရာကနေ ချယ်လ်ဆီးနောက်ခံလူ သီယာဂိုဆေးလ်ဗားကို ကန်မိသလိုဖြစ်ခဲ့တာ ကြောင့် ချယ်လ်ဆီးအသင်း ပင်နယ်တီကန်သွင်းခွင့်ရရှိခဲ့တာဖြစ်ပြီး အဲဒီပင်နယ်တီသွင်းဂိုးကို ကွင်းလယ် ကစားသမား ဂျော်ဂျင်ဟိုက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ဆက်လက်ဦးဆောင်ခွင့်ရရှိ

ချယ်လ်ဆီးအသင်းဟာ အခုပွဲစဉ်မှာ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့တာကြောင့် ရမှတ် တစ်မှတ်သာ စုဆောင်းနိုင်ခဲ့ ပေမယ့် ပရီမီယာလိဂ်ပွဲစဉ်(၁၃) အပြီးမှာ ရမှတ် ၃၀ နဲ့ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဆက်လက်ဦးဆောင်ခွင့်ရရှိနေခဲ့တာ ဖြစ်ပါတယ်။

မန်ယူအသင်းကတော့ အခုချယ်လ်ဆီး အသင်းနဲ့ပွဲစဉ်မှာ သရေရလဒ်ထွက်ပေါ်ခဲ့တာဟာ နောက်ဆုံး ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီမီယာလိဂ်ရှစ်ပွဲမှာ ခြောက်ပွဲအထိ နိုင်ပွဲပျောက်ဆုံးခဲ့ရခြင်းဖြစ်ပြီး လက်ရှိ ပရီမီယာလိဂ် ပွဲစဉ် ၁၃ အပြီးမှာ အမှတ်ပေးဇယား အဆင့် ရှစ်နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

ငွေကြယ်